အောက်တိုဘာ - ၂၄ ( စနေနေ့)
အမေရိကန်သမ္မတ ဒေါ်နယ်ထွက်မ့်ဟာ နိုဝင်ဘာလမှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ရီပတ်ဗလစ်ကန်တွေရဲ့ အနိုင်ရနိုင်ခြေကို ခြိမ်းခြောက်လာနေတဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စစ်အေး ကာလက အမျိုးသားလုံခြုံရေး ဥပဒေ(DPA) တစ်ရပ်ကို ကိုးကားသုံးစွဲလိုက်ပါတယ်။
ဆီဈေးကျပ်တည်းမှုကို အပြင်းအထန် ထိခိုက်ခံစားနေရတဲ့ စိုက်ပျိုးရေးပြည်နယ်တစ်ခုဖြစ်တဲ့ အိုင်အိုဝါပြည်နယ်မှာ ပြုလုပ်တဲ့ ရီပတ်ဗလစ်ကန် မဲဆွယ်ပွဲတစ်ခုမှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားရာမှာ ထရမ့်က သူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ အမေရိကန်ရဲ့ သန့်စင်စက်ရုံ စွမ်းရည်ကို တိုးချဲ့ပြီး ဒီဇယ်နဲ့ ဓာတ်ဆီတွေကို “စံချိန်တင် ပမာဏနဲ့” ထုတ်လုပ်နိုင်ဖို့အတွက် ကာကွယ်ရေး ထုတ်လုပ်မှု ဥပဒေ အရ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ အထိ ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အီရန်နဲ့ ယူကရိန်း ပဋိပက္ခတွေလည်း မကြာခင် ပြီးဆုံးတော့မှာဖြစ်ပြီး အဲဒီအခါ ဓာတ်ဆီနဲ့ ရေနံဈေးနှုန်းတွေလည်း “ထိုးကျသွားတော့မယ်” လို့ သူက ခန့်မှန်းပြောဆိုခဲ့ပါတယ်။
၁၉၅၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ DPA ဥပဒေအရ ဝါရှင်တန်ဒီစီအနေနဲ့ အမျိုးသားကာကွယ်ရေးအတွက် မရှိမဖြစ် အရေးကြီးတယ်လို့ ယူဆရတဲ့ စက်မှုလုပ်ငန်းတွေကို ငွေကြေးအရ ထောက်ပံ့ပေးခွင့် ရှိပါတယ်။ သမ္မတရဲ့ သဝဏ်လွှာတစ်ရပ်မှာတော့ ထရမ့်က ပြည်တွင်း ရေနံထုတ်လုပ်ရေး၊ သန့်စင်စက်ရုံများ၊ ပိုက်လိုင်းများနှင့် သိုလှောင်ရုံများကို အမျိုးသားလုံခြုံရေးအတွက် အရေးပါကြောင်း သတ်မှတ်ခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ ဖက်ဒရယ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ထုတ်လုပ်မှုစွမ်းရည်ကို လုံလောက်တဲ့ အမြန်နှုန်းနဲ့ တိုးချဲ့နိုင်မှာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
စွမ်းအင်ဝန်ကြီး ခရစ်ရိုက် က အဲဒီရန်ပုံငွေတွေကို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အသုံးပြုသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ စွမ်းအင်ဌာနရဲ့ သီးခြားခန့်မှန်းချက်အရတော့ အဲဒီစီမံကိန်းကြောင့် ဓာတ်ဆီ၊ ဒီဇယ်၊ ဂျက်လေယာဉ်ဆီနဲ့ အခြားထုတ်ကုန်ပစ္စည်းတွေကို တစ်ရက်လျှင် ဂါလန်သန်းပေါင်းများစွာအထိ ထုတ်လုပ်မှု တိုးလာစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် ကလည်း တက္ကဆီပြည်နယ်၊ တိုင်လာမြို့မှာရှိတဲ့ ဒီလက် ကုမ္ပဏီ လည်ပတ်နေတဲ့ ရေနံချက်စက်ရုံကို တိုးချဲ့ဖို့အတွက် အဲဒီဥပဒေကို အသုံးပြုသွားမယ့် အစီအစဉ်တွေကို အစောပိုင်းကတည်းက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို စီမံကိန်းမျိုးတွေကတော့ ပြီးစီးဖို့အတွက် အနည်းဆုံး လနဲ့ချီပြီး (တချို့ဆိုရင် နှစ်နဲ့ချီပြီး) ကြာမြင့်တတ်ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment