ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ









ရန်ကုန်၊ အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့်ဇနီး ဒေါ်နှင်းနှင်းအေး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊  MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်း သား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းများအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမောင်မောင်ဇော်၊ စက်မှုဇုန်ဥက္ကဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဘင်ခရာအဖွဲ့နှင့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ဖျော်ဖြေတီးခတ် တင်ဆက် ကပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဈေးဆိုင်ခန်းများ၊ အလှမွေးငါး အိမ်မွေးတိရစ္ဆာန်၊ တွားသွားသတ္တဝါ၊ အရောင်းပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို ယနေ့မှ အောက်တိုဘာ (၂၇) ရက်အထိ နေ့စဉ်နံနက်ပိုင်းမှ ည (၁ဝ) နာရီအထိ ရောင်းချပြသသွားမည်ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်း ရှင်များအပြင် ၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ UMFCCI အသင်းချုပ်နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပါဝင်ကြပြီး ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရန် စာအုပ်အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများနှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြခန်းများလည်း အပါအဝင်စုစုပေါင်း ဆိုင်ခန်း (၆၂၈) ခန်းကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒီတာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကာ ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)