မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို အနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာ့ရှစ်ဆယ်ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို အနေဖြင့် ၂၀၂၆-ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူဦးရေ သုံးရာ့ရှစ်ဆယ်ကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့









တာမွေ၊ အောက်တိုဘာ ၃၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၆-ခုနှစ်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ သုံးရာ့ရှစ်ဆယ် ကျော်ထိရှိကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း သင်တန်းသားများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲအခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးဇော်အောင်ဝင်းနှင့် မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောတို့က အဖွင့်အမှာစကား‌များ အသီးသီးပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲ သူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ်သင်တန်းသားတစ်ဦး၏ မိခင်နှင့် မူးယစ်ဆေးဖြတ် သင်တန်းသားတစ်ဦးတို့က ကျေးဇူးတင်စကားများ အသီးသီး ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မူးယစ်ဆေးစွဲ သူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ် သင်တန်းသားများ၏ မိဘ အုပ်ထိန်းသူများနှင့် တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက် လာမှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းဆင်း သင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင် ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာ စံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသားများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့်  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ် လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှပြန်ဆင်းလာ သည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက် ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှုပေး လျက်ရှိပြီး ၂၀၂၆-ခုနှစ်အတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ် သင်တန်းသား (၃၈၉)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)