နိုဝင်ဘာ - ၁၀ ( အင်္ဂါနေ့ )
ဂီနီအစိုးရ တာဝန်ရှိသူတွေက တရားမဝင် ရွှေတူးဖော်မှုတွေကို နှိမ်နင်းရာမှာ လူပေါင်း ၁,၂၀၀ ကျော်ကို ထိန်းသိမ်းလိုက်တယ်လို့ အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနဲ့ ပြည်သူ့အကာအကွယ်ပေးရေး ဝန်ကြီးဌာနတွေက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။
"ရွှေကြွယ်ဝတဲ့ ဆီဂီရီ ဒေသမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း ဂီနီ၊ ဘာကီနာဖာဆို၊ မာလီ၊ တိုဂို၊ နီဂျီးရီးယား၊ အိုင်ဗရီကို့စ်နဲ့ ဂါနာနိုင်ငံသားတွေ အပါအဝင် စုစုပေါင်း လူ ၁,၂၆၃ ဦးကို ထိန်းသိမ်းခဲ့ပြီး တရားစွဲဆို အမှုရင်ဆိုင်ဖို့အတွက် နိုင်ငံရဲ့ မြို့တော် ကွန်နာရီ ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဝန်ကြီးဌာနတွေက စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ထိန်းသိမ်းခံရသူတွေကို ရဲတပ်ဖွဲ့နဲ့ ဂျန်ဒါမေရီ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်ဆေးမေးမြန်းမှု တွေ ပြုလုပ်နေပြီး တရားစွဲဆိုမှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။ ဒါ့အပြင် ဒီလိုနှိမ်နင်းမှုတွေ ကြောင့် ယာယီအုပ်ချုပ်ရေးမှူးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး လေးဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ၁၇ ဦးနဲ့ မြို့နယ်/ရပ်ကွက် အကြီးအကဲ ၄၇၉ ဦး အပါအဝင် အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေး အရာရှိ ၂၂ ဦးလည်း ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီအရာရှိတွေဟာ လည်း ဥပဒေကြောင်းအရ အရေးယူခံရဖို့ ရှိနေဆဲဖြစ်ပါတယ်။
မန်ဒီယာနာ ၊ ကယ်ရိုအာနေး ၊ ကူးရူဆာ နဲ့ တရားမဝင် ရွှေတူးဖော်မှုဒဏ်ကို ခံစားနေရတဲ့ အခြားဒေသတွေမှာလည်း အလားတူ စစ်ဆင်ရေးတွေကို လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ခွင့်ပြုချက်မရှိဘဲ တရားမဝင် သတ္တုတူးဖော်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဂီနီနိုင်ငံသားရော၊ နိုင်ငံခြားသားတွေကိုပါ တရားစွဲဆို အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။
အနောက်အာဖရိကဒေသဟာ ကမ္ဘာပေါ်မှာ ရွှေအများဆုံး ထုတ်လုပ်တဲ့ ဒေသတစ်ခုဖြစ်ပြီး၊ S&P Global Market Intelligence ရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ ရွှေထွက်နှုန်းဟာ တန်ချိန် ၅၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ သတ္တုတွင်းနဲ့ ဘူမိဗေဒဝန်ကြီးဌာနရဲ့ အဆိုအရ ဂီနီနိုင်ငံ တစ်နိုင်ငံတည်းတင် ပြီးခဲ့တဲ့နှစ်က ရွှေတန်ချိန် ၇၂ တန်ကျော် တင်ပို့ခဲ့ပြီး၊ အဲ့ဒီထဲမှာ လက်လုပ်လက်စား ရွှေတူးဖော်မှုကနေ ရရှိတဲ့ ရွှေတန်ချိန် ၅၀ နီးပါးလည်း ပါဝင်ပါတယ်။
အိမ်နီးချင်း မာလီနိုင်ငံကလည်း တရားမဝင် ရွှေတူးဖော်မှုကို တိုက်ဖျက်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ်၊ မတ်လမှာတော့ အထူး ဥပဒေစိုးမိုးရေးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံကလည်း အလားတူ အစီအမံတွေကို ကျင့်သုံးခဲ့ပြီး၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ တရားမဝင် သတ္တုတူးဖော်မှုတွေအတွက် ပြစ်ဒဏ်တွေကို ပိုမိုတင်းကျပ်ခဲ့ပါတယ်။ အဲ့ဒီမှာ ပြစ်မှုကျူးလွန်သူတွေဟာ ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက အဲ့ဒီနိုင်ငံက တာဝန်ရှိသူတွေဟာ တရားမဝင် သတ္တုတူးဖော်တဲ့နေရာ ၈,၅၀၀ ခန့်ကို ပိတ်သိမ်းခဲ့ပြီး၊ လူပေါင်း ၄,၅၀၀ နီးပါးကိုလည်း တရားရုံးတင် အရေးယူနိုင်ခဲ့ပါတယ်။
REF: RT
#News #Myanmar


No comments:
Post a Comment