မြန်မာနိုင်ငံ၏ အဏ္ဏဝါသိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်အရေးပါသည့် နိုင်ငံတကာပင်လယ်နှင့်ဝန်းကျင်ဆိုင်ရာသိပ္ပံဖိုရမ် (၂၀၂၆) မြိတ်တက္ကသိုလ်တွင် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ၏ အဏ္ဏဝါသိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်အရေးပါသည့် နိုင်ငံတကာပင်လယ်နှင့်ဝန်းကျင်ဆိုင်ရာသိပ္ပံဖိုရမ် (၂၀၂၆) မြိတ်တက္ကသိုလ်တွင် ကျင်းပ


မြိတ်   ၊   နိုဝင်ဘာ   ၂၉

အဏ္ဏဝါသိပ္ပံပညာရပ်ဆိုင်ရာ တိုးတက်မှုများကိုအသုံးချပြီး ကမ်းရိုးတန်းဒေသများ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ပင်လယ်ပြင်ဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုရန်၊ မြန်မာနိုင်ငံ၏ အဏ္ဏဝါသိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်နှင့် သုတေသနလုပ်ငန်းများအတွက် အရေးပါသည့် နိုင်ငံတကာပင်လယ်နှင့်ဝန်းကျင်ဆိုင်ရာသိပ္ပံဖိုရမ် (၂၀၂၆)ကို နိုဝင်ဘာ(၂၈)ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ်တွင် ကျင်းပသည်။

နိုင်ငံတကာပင်လယ်နှင့်ဝန်းကျင်ဆိုင်ရာသိပ္ပံဖိုရမ်(၂၀၂၆)ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ၊ Third Institute of Oceanography ညွှန်ကြားရေးမှူးချုပ် Dr. Zhang Haifeng ၊ ဒေါက်တာသဇင်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက္ကသိုလ်ရင်ပြင်တွင် ပြသထားသည့်ပိုစတာပြပွဲအား ကြည့်ရှုအားပေးကြကာ အမှတ်တရကမာခွံမှတ်တမ်းရေးထိုးကြသည်။ 

ထို့နောက် ဖိုရမ်ဆွေးနွေးပွဲကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အဖွင့်အမှာစကားပြောကြားပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ပြည်သူ့လွှတ်တော်ပညာရေးမြင့်မားမှုကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှတင့်တို့က အမှာစကားပြောကြားကြသည်။  ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တတိယအဏ္ဏဝါတက္ကသိုလ်မှ ညွှန်ကြားရေးမှူးချုပ်က ဖိုရမ်ပူးပေါင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ် က Advancing Marine Science for Sustainable Coastal Communities and Blue Economy ဖိုရမ်၏ဆောင်ပုဒ်၊ ရည်ရွယ်ချက်များနှင့် ဖိုရမ်ကျင်းပရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဖိုရမ်ကို အဏ္ဏဝါနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရပ်များတွင် နောက်ဆုံးရ သုတေသနရလဒ် များနှင့် သိပ္ပံဆိုင်ရာ အသိပညာများကို ဖလှယ်နိုင်ရန်၊ ပင်လယ်နှင့် ကမ်းရိုးတန်းဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပင်လယ်ပြင်ဆိုင်ရာ စီးပွားရေးသုတေသနလုပ်ငန်းများကို မြှင့်တင်နိုင်ရန်၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် ပညာရှင်များအကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန်၊ လူငယ်သုတေသီများနှင့် ဘွဲ့လွန်ကျောင်းသား/သူများအတွက် သုတေသနရလဒ်များ တင်ပြဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ သုတေသနရလဒ်များကို ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့တွင် လက်တွေ့အသုံးချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ရှည်လျားသော ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် အဏ္ဏဝါ သယံဇာတများ ပိုင်ဆိုင်ထားသည့်အတွက် အဏ္ဏဝါသိပ္ပံသုတေသန၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပြီး ဖိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံ၏အဏ္ဏဝါနှင့်ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံတကာ အဆင့်ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ချိတ်ဆက်နိုင်ရန် မျှော်လင့်ထားရှိပြီး မြိတ်ဒေသနှင့် တနင်္သာရီတိုင်းဒေသကြီး၏ အဏ္ဏဝါသယံဇာတများ၊ သဘာဝပတ်ဝန်းကျင်နှင့် သုတေသနလိုအပ်ချက်များကို ပိုမိုကျယ်ပြန့်စွာသိရှိလာခြင်းနှင့် သုတေသနရလဒ်များကို ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးနှင့် ရေရှည်တည်တံ့သော Blue Economy ဖွံ့ဖြိုးရေးတို့တွင် လက်တွေ့အသုံးချနိုင်မည်ဖြစ်သည်။

ဖိုရမ်တွင် အဏ္ဏဝါသိပ္ပံ၊ အဏ္ဏဝါပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှု၊ ကမ်းရိုး တန်းဂေဟစနစ်ထိန်းသိမ်းရေး၊ Blue Carbon၊ ငါးလုပ်ငန်းနှင့် ရေရှည်တည်တံ့သော အပြာရောင်စီးပွားရေးဆိုင်ရာ သုတေသနစာတမ်းများကို တင်ပြဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်းများအပြင် ပညာရှင်များအကြား အပြန်အလှန်ဆွေးနွေးခြင်း၊ သုတေသနအတွေ့အကြုံများ ဖလှယ်ခြင်းနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် နိုင်ငံတကာပညာရှင်များ စကားဝိုင်းဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ ဆွေးနွေးမှုအဓိကတွေ့ရှိချက်များ၊ ရလဒ်များ၊ အကြံပြုချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လမ်းစဉ်များ များကို သုံးသပ်ဆွေးနွေး ဆောင်ရွက်ကြမည်ဖြစ်သည်။  ဖိုရမ်ဆွေးနွေးပွဲကို နိုဝင်ဘာ (၂၈)နှင့် (၂၉)ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)