ဟင်္သာတ ၊ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာတိုင်းဒေသကြီးချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသည့် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို သဘာပတိကြီးက မင်္ဂလာမောင်း (၃) ချက်တီး၍ စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ချင်းရိုးရာပဆန်းဆရာက ရိုးရာမပျက်ရွတ်ဖတ်ပြီး သဘာပတိဆလိုင်းဇော်လွင်ဦးက မိန့်ခွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေး၊ စည်းလုံးညီညွတ်မှုရှိရေးတို့ကို အလေးထားကာ တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များကို ရိုးရာဓလေ့ထုံးတများနှင့် အညီဆောင်ရွက်နိုင်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ချင်းတိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့၏ကောင်းမြတ်သော ဓလေ့ထုံးတမ်းအစဉ်အလာများကို ဘိုးဘွားများက လက်ဆင့်ကမ်းထိန်းသိမ်းလာသကဲ့သို့ ချင်းတိုင်းရင်းသားမောင်မယ်တို့အနေနှင့်လည်း အလေးထားကာ လက်ဆင့်ကမ်း ထိန်းသိမ်းရန်ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းလှမြင့်က အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ချင်းရိုးရာအကများ ကရင်ဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ဆက်လက်၍ ချင်းတိုင်းရင်းသား သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမန်းသိန်းကျော်နှင့်ဇနီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွန့်၊ သယံဇာတရေးရာဝန်ကြီး ဒေါ်မေသန်းဦးတို့က လှူဒါန်းငွေများပေးအပ်ကြပြီးနောက် တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဆုတော်ငွေများချီးမြှင့်ခဲ့သည်၊ အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် မိတ်ဆုံစားပွဲတွင် ချင်းတိုင်းရင်းသားများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြသည်။
အရှို(ချင်း)လူမျိုးများ၏ ပွဲတော်များအနက် ‘ကောက်သစ်စားပွဲတော်’ သည် အဓိကကျသည့် ပွဲတော်တစ်ခုဖြစ်ပြီး အရှိုဘာသာစကားဖြင့် ‘စောင်ထာအေပွေ’ဟု ခေါ်ဆိုပြီး၊ ပွဲတော်ကို နှစ်စဉ်ကောက်ဦးပေါ်သည့် နတ်တော်လတွင် ကျင်းပလေ့ရှိကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရှိုချင်းတိုင်းရင်းသား အများစုနေထိုင်သည့် မြို့နယ်များဖြစ်သည့် ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်များတွင် နှစ်စဉ်အလှည့်ကျကျင်းပလျက်ရှိရာ တိုင်းဒေသကြီးအဆင့် ပွဲတော်ကိုယခုနှစ်တွင် ဟင်္သာတမြို့၌ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment