ဒုတိယသမ္မတ ဦးညိုစော ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး ပို့ကုန်အခြေပြု အရန်ဆန်များ သိုလှောင်ထားရှိသည့် သိုလှောင်ရုံများအခြေအနေ လှည့်လည်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ ဦးညိုစော ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားပြီး ပို့ကုန်အခြေပြု အရန်ဆန်များ သိုလှောင်ထားရှိသည့် သိုလှောင်ရုံများအခြေအနေ လှည့်လည်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ နိုဝင်ဘာ ၁၁

ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် အရန်ဆန်စုဆောင်းရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက မိမိတို့နိုင်ငံ၏ အဓိကသီးနှံမှာ ဆန်စပါးဖြစ်ပြီး အဓိကစိုက်ပျိုးရေးသီးနှံဖြစ်သည့်အတွက် လမ်းညွှန်ထားသည့်အတိုင်း စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ ဆန်စပါးကဏ္ဍထုတ်လုပ်မှုတိုးတက်ရေးနှင့် ပြည်ပဈေးကွက်ရရှိပြီး ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ့ဆန်စပါး ညီလာခံကျင်းပခဲ့မှုနှင့် ညီလာခံမှဖော်ထုတ်ရရှိခဲ့သည့် ဆန်စပါးကဏ္ဍပိုမိုတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ သိုလှောင်ရုံများကို မြန်မာ့ဆန်စပါးကွန်ရက်တွင် လွယ်ကူလျင်မြန်စွာ စနစ်တကျမှတ်ပုံတင်ထားရှိနိုင်ရေး၊ အတည်ပြုထားသော သိုလှောင်ရုံလိုင်စင်အတွက် ဒီဂျစ်တယ်လက်မှတ်ထုတ်ပေးနိုင်ရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပြီး သင့်တော်သည့် ပမာဏတစ်ခုကို အရန်ဆန်အဖြစ် နှစ်စဉ်စုဆောင်းထားနိုင်ရေးအချက်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပဈေးကွက်ရရှိရေးနှင့် စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားရှိမှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများရှိ ပြည်သူများအား အဓိကစားသုံးကုန်ကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရန် စုဆောင်းထားရှိမှုအခြေအနေများ၊ ရုတ်တရက်သဘာဝဘေးကျရောက်လျှင် သို့မဟုတ် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာပါက အရန်ဆန်တိုးမြှင့်စုဆောင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး အရန်ဆန်တိုးမြှင့်စုဆောင်းနိုင်ရေးအတွက် သက်ဆိုင်သည့်ဌာန၊ အသင်းအဖွဲ့အားလုံးလိုအပ်သလို ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ဆန်စပါးဈေးကွက်အခြေအနေ၊ အရန်ဆန်ထားရှိမှုအခြေအနေနှင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက အရန်ဆန်သိုလှောင်ထားရှိမှု၊ သဘာဝဘေးသင့်ဒေသများသို့ ဆန်ထောက်ပံ့ပံ့ပိုးမှု၊ ပို့ကုန်တင်ပို့မှုနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ပို့ကုန်အခြေပြုအရန်ဆန်သိုလှောင်ရုံများ၌ အရန်ဆန်များ သိုလှောင်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)