စတုတ္ထအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စတုတ္ထအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်









မင့်စ်၊ နိုဝင်ဘာ ၅

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်၏ ဖိတ်ကြား ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက် အထိ ကျင်းပသည့် စတုတ္ထအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့ တက်ရောက်ခဲ့သည်။

ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဟန်ဂေရီ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ လာအို၊ ကမ္ဘောဒီးယား၊ အီရန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များနှင့် နိုင်ငံတကာ သုတေသီများနှင့် ပညာရှင်များ စုစုပေါင်း ကိုယ်စားလှယ် (၆၀၀) ဦး ကျော် တက်ရောက်ခဲ့ကြသည်။

နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသည့် ညီလာခံဖွင့်ပွဲအခမ်းအနား၌ ဘယ်လာရုစ်နိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေး ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် Organization for Security and Co-operation in Europe (OSCE)၊ Collective Security Treaty Organization (CSTO)၊ Shanghai Cooperation Organization (SCO) နှင့် Commonwealth of Independence States (CIS) အဖွဲ့အစည်းများမှ အတွင်းရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။

ဘယ်လာရုစ်နိုင်ငံသမ္မတက မိန့်ခွန်းပြောကြားရာတွင် မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံ သည် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ ယူရေးရှားသည် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုများနှင့် ကမ္ဘာ့ဘာသာတရားများ ပေါ်ထွန်းရာနေရာဖြစ်ပြီး မတူညီသော ယဉ်ကျေးမှုများနှင့် လူမျိုးများအကြား ထောင်စုနှစ်များစွာ အပြန်အလှန် ဆက်ဆံ ထိတွေ့လာခဲ့သည့် သမိုင်းကြောင်းရှိသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ကမ္ဘာပေါ် ရှိ အကြီးမားဆုံးသော သယံဇာတအရင်းအမြစ်များနှင့် လူဦးရေအများစု တည်ရှိရာ နေရာလည်း ဖြစ်ပါကြောင်း၊ ယူရေးရှားဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မျိုးဆက်သစ်များထံသို့ ကြောက်ရွံ့မှုနှင့် သံသယများ ကင်းစင်သည့် ကမ္ဘာကြီးတစ်ခုကို ပုံဖော်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ အနေဖြင့် စုပေါင်းညီညွတ်သော ယူရေးရှားဒေသဖြစ်လာစေရန် လိုလားပါကြောင်း၊ ယူရေးရှား ဒေသ၏ လုံခြုံရေးသည် အားလုံးနှင့် သက်ဆိုင်ပြီး ခွဲခြား၍မရနိုင်သော ကိစ္စရပ်တစ်ခုဖြစ်ပါ ကြောင်း၊ မည်သူမျှ (အနောက်ကမ္ဘာဖြစ်စေ၊ အရှေ့ကမ္ဘာဖြစ်စေ) တစ်ဦးတည်းအနေဖြင့် ဤလုံခြုံရေးကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနိုင်မည် မဟုတ်သောကြောင့် ဤတာဝန်ကို အားလုံးက ပူးတွဲထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မိန့်ခွန်းပြောကြားရာတွင် လက်ရှိကမ္ဘာ့လုံခြုံရေး ကဏ္ဍတွင် အပြောင်းအလဲများနှင့် ရင်ဆိုင်နေရချိန်၌ ယူရေးရှားဒေသရှိ နိုင်ငံများအနေဖြင့် ပြိုင်ဆိုင်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများထက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးညှိနှိုင်းမှု တို့ကို ဦးစားပေးသည့် လုံခြုံရေးဆိုင်ရာလမ်းကြောင်းကို ကိုယ်တိုင်ဖော်ဆောင်သွားရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “၂၁ ရာစု မတူကွဲပြားမှုနှင့် နိုင်ငံစုံဗဟုဝင်ရိုးစနစ်ဆိုင်ရာ ယူရေးရှား ပဋိညာဉ်စာတမ်း” ကို ရေးဆွဲမှုကို ကြိုဆိုပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ လက်ရှိကျင့်သုံး လျက်ရှိသည့် ဥပဒေ၊ စည်းမျဉ်းများ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေတို့နှင့် အညီ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံအားလုံး၏ ဘုံအနာဂတ်အတွက် အားလုံး ပါဝင်နိုင်သော ဆွေးနွေးမှု၊ အပြန်အလှန် လေးစားမှုနှင့် ညီမျှသည့်မိတ်ဖက်ဆောင်ရွက်မှုတို့အပေါ် အခြေခံသော ပွင့်လင်းမှု၊ ဟန်ချက်ညီမှုနှင့် အားလုံးပါဝင်နိုင်သော လုံခြုံရေးဗိသုကာတစ်ရပ် ပေါ်ထွက်ရေးကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးမျှတသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် အစိုးရတစ်ရပ် ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိ ရေးဟူသည့် အဓိကရည်မှန်းချက်နှစ်ရပ်ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန် ကူးမှုများစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်လျက်ရှိပြီး၊ အိမ်နီးချင်း နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် အဓိကပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်စဉ်ကာလအတွင်း နိုဝင်ဘာလ ၃ ရက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အတွင်းရေးမှူးချုပ် မစ္စတာ နျူလန် ယာမတ်ဘာယက်ဗ် နှင့်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့နှင့်လည်းကောင်း၊ နိုဝင်ဘာလ ၄ ရက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်နှင့်လည်းကောင်း၊ ရုရှားလုံခြုံရေးကောင်စီ ဒုတိယ အတွင်းရေးမှူးဖြစ်သူ မစ္စတာ အလက်ဇန္ဒား ဗန်နီဒီကော့ဗ် နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ နျူလန် ယာမတ်ဘာယက်ဗ် နှင့်တွေ့ဆုံရာတွင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံနှင့် SCO တို့အကြား ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရေး၊ SCO ၏ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးကဏ္ဍ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ သယ်ယူပို့ဆောင် ရေးနှင့် ဒေသတွင်းချိတ်ဆက်မှု ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ မြန်မာနိုင်ငံအနေဖြင့် SCO တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် ထောက်ခံပေးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်အတွက် ဦးစားပေးကဏ္ဍများ ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့အပေါ် အခြေခံ၍ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများ တွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်နှင့် တွေ့ဆုံ ရာတွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တန်းတူညီမျှ မှုကို အစဉ်အမြဲထောက်ခံပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်လည်း ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံရုံးအား နေပြည်တော်တွင် စတင်ဖွင့်လှစ်ထားရှိမှု၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးအပါ အဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ ယူရေးရှားပဋိညာဉ် ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူးဖြစ်သူ မစ္စတာ အလက်ဇန္ဒား ဗန်နီဒီကော့ဗ် နှင့် တွေ့ဆုံစဉ် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ ပညာရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် နိုင်ငံတော်သမ္မတ၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ရုရှားနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးခဲ့မှုများကို ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်မှ သင်တန်းသားများ စေလွှတ်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၅ ခုနှစ်တွင် တတိယအကြိမ်နှင့် ယခု ၂၀၂၆ နှစ်တွင် “Navigating International Disorder in the Spirit of cooperation: Can We Solve the Eurasian Security Puzzle” ခေါင်းစဉ်ဖြင့် စတုတ္ထအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)