ပြင်သစ်နိုင်ငံက သွေးဘဏ်တွေကို ဟက်ကာတွေ တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်နိုင်ငံက သွေးဘဏ်တွေကို ဟက်ကာတွေ တိုက်ခိုက်


နိုဝင်ဘာ - ၅ ( ဗုဒ္ဓဟူးနေ့ ) 

ပြင်သစ်နိုင်ငံက သွေးဘဏ်သုံးခုမှာရှိတဲ့ ရေခဲသေတ္တာစနစ်တွေကို ဟက်ကာတွေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ ပုံမှန်ဆိုရင် အအေးခန်းအပူချိန်က အနုတ် ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ် (-၂၂ ဒီဂရီ ဖာရင်ဟိုက်) မှာ ထားရတာဖြစ်ပေမဲ့ အဲဒီအပူချိန်ကို ရေဆူမှတ်ထက်ကျော်လွန်ပြီး ၁၁၀ ဒီဂရီ ဆဲလ်စီးယပ်စ် (၂၃၀ ဒီဂရီ ဖာရင်ဟိုက်) အထိ မြှင့်တင်ပြီး အရေးပါတဲ့ သွေးနဲ့ သွေးထွက်ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ နိုင်ငံရဲ့ အမျိုးသားသွေးဌာနက ဗုဒ္ဓဟူးနေ့မှာ အတည်ပြု ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဥရောပတစ်ဝန်းက စူပါမားကတ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အလားတူ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

ပြင်သစ်သွေးဌာန (EFS) ရဲ့ ပြောပြချက်အရ အပြင်ဘက်က ရေခဲသေတ္တာပစ္စည်း တင်သွင်းသူရဲ့ ထိန်းချုပ်ရေး စနစ်တွေကို ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတာကြောင့် သွေးရေကြည် သိုလှောင်ရုံသုံးခုမှာ အပူချိန်နဲ့ ရေခဲရှင်းတဲ့ ဆက်တင်တွေကို အဝေးကနေ ထိန်းချုပ်ပြီး ကစားသွားခဲ့ကြတာပါပဲ။

ဒီတိုက်ခိုက်မှုက တနင်္လာနေ့ညပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ တာဝန်ကျနည်းပညာရှင်တစ်ဦးက အအေးခန်းတွေ အတွင်းမှာ အပူချိန်တွေ မြင့်တက်လာတာကို သတိထားမိခဲ့ပါတယ်။ EFS (ပြင်သစ်သွေးဌာန) ရဲ့ ပြောပြချက်အရ စောင့်ကြည့်ရေးနဲ့ အချက်ပြပေးတဲ့ စနစ်တွေရဲ့ အကူအညီနဲ့ ဝန်ထမ်းတွေက မူမမှန်မှုတွေကို အချိန်မီသိရှိနိုင်ခဲ့ပြီး သွေးနဲ့ သွေးထွက်ပစ္စည်းတွေ မပျက်စီးရအောင် အကာအကွယ်ပေးနိုင်ခဲ့သလို အခြားနေရာတွေကိုလည်း အမြန်ဆုံး ရွှေ့ပြောင်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

EFS က “ကျန်းမာရေးဘက်မှာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့သလို သွေးပစ္စည်းတွေလည်း ဆုံးရှုံးသွားတာ မရှိပါဘူး” လို့ အတည်ပြုပြောကြားခဲ့ပြီး သွေးစုဆောင်းရေးနဲ့ ဖြန့်ဝေရေးလုပ်ငန်းတွေလည်း အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နေတယ်လို့ ထပ်လောင်းပြောပါတယ်။

ထိခိုက်ခံရတဲ့ ပစ္စည်းကိရိယာတွေထဲမှာ သွေးသွင်းကုသမှုနဲ့ ဆေးဝါးထုတ်လုပ်ရေးတွေအတွက် ရည်ရွယ်ထားတဲ့ သွေးရေကြည်အိတ်တွေ ပါဝင်နေပါတယ်။ အချို့စက်ပစ္စည်းတွေကိုတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခေတ္တပိတ်ထားခဲ့ပြီး အဲဒီထဲမှာရှိတဲ့ ပစ္စည်းတွေကို အခြားနေရာတွေဆီ ပြောင်းရွှေ့ပေးခဲ့ကြပါတယ်။

အအေးခန်း ပစ္စည်းကိရိယာ တင်သွင်းတဲ့ ကူးလ်ဝေါ်ကုမ္ပဏီကလည်း သူတို့ရဲ့ စနစ်တွေ ဒီတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီး ကုမ္ပဏီတစ်ခုက ထောက်ပံ့ပေးထားတဲ့ ပစ္စည်းအစိတ်အပိုင်းတစ်ခုမှာ အားနည်းချက် ရှိနေလို့ အခုလိုဖြစ်ရတာလို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ စက်ပစ္စည်းအနည်းငယ်သာ ထိခိုက်နစ်နာခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနနဲ့ နိုင်ငံအဆင့် ဆိုက်ဘာလုံခြုံရေးအေဂျင်စီ ANSSI တို့ကလည်း ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။ EFS ကလည်း သူတို့ရဲ့ ရေခဲသေတ္တာ သိုလှောင်ရုံတွေတစ်ဝန်းမှာ အပူချိန်စောင့်ကြည့်မှုကို ပိုမိုတင်းကျပ် လုပ်ဆောင်ထားလိုက်ပါပြီ။


REF: RT

#News #Myanmar



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)