နိုဝင်ဘာ - ၁၇ ( အင်္ဂါနေ့ )
ဒစ်ဂျစ်တယ် နည်းပညာလောကမှာ အရေးပါတဲ့ သတ္တုသယံဇာတတွေကို တရုတ်နိုင်ငံက ထိန်းချုပ်ထားနိုင်မှုအပေါ် တန်ပြန်နိုင်ဖို့ မနီလာမြို့မှာ ကျင်းပမယ့် Quad အစည်းအဝေး မတိုင်ခင် အိန္ဒိယနိုင်ငံဟာ အေအိုင် နည်းပညာထောက်ပံ့ရေး ကွင်းဆက်တွေရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ အမေရိကန်ဦးဆောင်တဲ့ ကြေညာချက်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီကြေညာချက်ကို ဆန်ဖရန်စစ္စကို ကြေညာချက် လို့ ခေါ်ပါတယ်။ ဒါဟာ အေအိုင် နည်းပညာအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ဖို့ အမေရိကန်က ကျောထောက် နောက်ခံ ပြုထားတဲ့ ပက်ဆီလီကာ သဘောတူညီချက်ရဲ့ နောက်ဆက်တွဲ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေဟာ တရုတ်ကုမ္ပဏီတွေရဲ့ အေအိုင် နည်းပညာ တိုးတက်လာမှုနဲ့ ကမ္ဘာ့နည်းပညာ ဈေးကွက်အပေါ် သူတို့ရဲ့ သြဇာလွှမ်းမိုးမှု ပိုမိုကြီးထွားလာတာကို စိုးရိမ်နေကြပါတယ်။ ဒီသဘောတူညီချက်ရဲ့ ရည်ရွယ်ချက်ကတော့ အလွန်အဆင့်မြင့်တဲ့ ဉာဏ်ရည်တုနည်းပညာ (SI) ထောက်ပံ့ရေးကွင်းဆက်တွေအတွက် အခြေခံကျတဲ့ အရေးကြီးနည်းပညာတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ဘယ်လိုနားလည်သတ်မှတ်ပြီး ကာကွယ်ကြမလဲဆိုတဲ့ ဘုံသဘောတူညီချက်တစ်ခု ရရှိဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ပက်ဆီလီကာ မူဘောင်အောက်က ဒီကြေညာချက်မှာ အေအိုင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါတဲ့ ထိလွယ်ရှလွယ် နည်းပညာတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ဘုံစာရင်းတစ်ခု အဖြစ် သတ်မှတ်ဖို့လည်း ရည်ရွယ်ထားပါတယ်။ အဲဒီနည်းပညာနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ပိုမိုတင်းကျပ်စွာ ကာကွယ်သွားဖို့လည်း ပါဝင်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပက်ဆီလီကာ အစီအစဉ်ထဲကို တရားဝင်ဝင်ရောက်ခဲ့ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် ဆီမီးကွန်ဒတ်တာနည်းပညာ၊ အရေးပါတဲ့ သတ္တုသယံဇာတတွေ၊ စွမ်းအင်၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနဲ့ အေအိုင် အခြေခံအဆောက်အအုံဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း အိန္ဒိယအစိုးရဟာ ဒီပူးပေါင်းဆောင်ရွက်မှုကြောင့် အိန္ဒိယနဲ့ အမေရိကန်တို့အကြား ဘက်စုံကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အောက်မှာ အရေးပါတဲ့ နည်းပညာကဏ္ဍတွေနဲ့ ထောက်ပံ့ရေးကွင်းဆက် လုံခြုံခိုင်မာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာမယ်လို့ ပြောကြားခဲ့ပါတယ်။
REF: RT
#Myanmar #News


No comments:
Post a Comment