ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်/ ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်/ ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံ


နေပြည်တော်၊ နိုဝင်ဘာ ၁၇

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်/ ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များအား ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့် သဝဏ်လွှာပါ အချက် ၄၃ ချက်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် သဘောတူချုပ်ဆိုထားသည့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃) တို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပေးပို့ထားပြီးဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတကြီး၏သဝဏ်လွှာကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)တွင်ပါသည့် အချက်အလက်များနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသဘောတူညီထားသည့် အချက် ၄၃ ချက်တွင်ပါသည့် အချက်အလက်များကို လေ့လာသုံးသပ်ပြီး နိုင်ငံတော် ပကတိအခြေအနေနှင့် ကိုက်ညီသည့် ပြဋ္ဌာန်းချက်အဖြစ် ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ယခု တတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သဝဏ်လွှာပါ အချက် ၄၃ ချက်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ထူးခြားချက်အနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အကြံပြုချက်များကို အခြေခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သော်လည်း မိမိတို့ တတိယအကြိမ် လွှတ်တော်သက်တမ်းကာလတွင် NCA အရ Union Accord အထိကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသဘောတူထားသည့် Resources အခြေခံအရင်းအမြစ်များ ရှိထားပြီးဖြစ်သည့် Union Accord အစိတ် အပိုင်း (၁)၊ (၂)၊ (၃) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အချက် ၄၃ ချက်တို့ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို တတိယအကြိမ် ပြင်ဆင်ရန် ထူးခြားသည့်အချက်ပင်ဖြစ်ကြောင်း။


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ကြရာတွင် ပြင်ဆင်/ ဖြည့်စွက် ဆွေးနွေးရမည့်အချက်များသည် ခိုင်ခိုင်မာမာရှိပြီးဖြစ်သည့် အချက်များအပေါ် ဆွေးနွေးပြီး ရလဒ်အတိုင်း ဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် ယခုလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါအတိုင်း ဆောင်ရွက်နိုင်ရန်အတွက် ဥပဒေမူကြမ်းတစ်ခု လိုအပ်ပါကြောင်း၊ ထို့အတွက် အခြေခံအချက် ၄၃ ချက် ရှိပြီးဖြစ်သည့်အတွက် အခြေခံကောင်းများကို မူတည်ပြီး ဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်ပြီး အုပ်ချုပ်ရေးစနစ်၊ နိုင်ငံသားအခွင့်အရေးနှင့် အာဏာခွဲဝေမှုတို့ကို ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံ၏ အသက်သွေးကြောအဖြစ် ရှုမြင်ကြပါကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် ဥပဒေရေးရာနယ်ပယ်များတွင် ရှုထောင့်အမျိုးမျိုးနှင့် ဆွေးနွေးငြင်းခုံလေ့ရှိကြသည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် ပူးပေါင်းကော်မတီအနေဖြင့် နိုင်ငံတော် အကျိုးဖြစ်ထွန်းပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမှု မရှိအောင် အလေးအနက်ထား သုံးသပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယနာယက Jeng Phang နော်တောင်က ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က ပူးပေါင်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စု လွှတ်တော်နာယက က ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများနှင့် တပ်မတော်သားကိုယ်စားလှယ်များ စုံညီစွာဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီအနေဖြင့် သဘောထားကွဲလွဲမှုများ ရှိလာပါက နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ရှေးရှုကာ အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဆွေးနွေးကြရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေများကိုလည်း ကြိုတင်လေ့လာထားကြရန်နှင့် ကော်မတီ၏ ကြိုးပမ်းမှုများမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် အားလုံးက တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ လေ့လာသုံးသပ်ရေးနှင့် ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)