တာမွေ၊ နိုဝင်ဘာ ၈
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာပွဲဈေး အခမ်းအနားကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC)၌ စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ပွဲတော်နောက်ဆုံးနေ့၌ ပွဲတော်သို့ လာရောက်လေ့လာသူ ပြည်ပခရီးသွား ဧည့်သည်များ၊ လာရောက်အပန်းဖြေလည်ပတ်ကြသူ ပြည်သူများဖြင့် အထူးပင် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့ပွဲတော်နောက်ဆုံးနေ့တွင် “ မြန်မာ့အစားအစာနှင့် အာဟာရ ” စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပြီး ယဉ်ကျေးသုတအမေးအဖြေအစီအစဉ်ကို ကျင်းပပြုလုပ်၍ အဖြေမှန်သူများအား ဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကံစမ်းမဲများဖောက်ပေးခြင်း၊ ကောက်လှိုင်းတီမုန့်နှင့် အောင်ဗလမုန့် ပြုလုပ်ပြသခြင်း၊ အမြည်းကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် တိုင်းရင်းသားယဉ်ကျေးမှုအနုပညာရှင်များက တိုင်းရင်းသားပဒေသာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ မြန်မာ့ရိုးရာပွဲဈေးတွင် ဆိုင်ခန်းပေါင်း (၁၅၅)ခန်းကို ဇုန်သုံးခုခွဲ၍ ဇုန်(A)ဈေးတန်းတွင် အစားအသောက်များ Fast Food ၊ ဇုန်(B)ဈေးတန်းတွင် ဒေသအသီးသီး၏ စားသောက်ကုန်များ၊ ဇုန်(C)ဈေးတန်းတွင် တိုင်းရင်းသားဒေသအသီးသီးမှ ထွက်ကုန်နှင့် လူသုံးကုန်အမျိုးမျိုး ပါဝင်ပြသရောင်းချလျက်ရှိပြီး မြန်မာ့ရိုးရာပွဲဈေး သည် မြန်မာ့လူမှုအသိုက်အဝန်း၏ ဘာသာတရားယုံကြည်မှု၊ အစဉ်အလာအလေးထားမှု၊ လူမှုဘဝ၊ အနုသုခုမပညာ၊ လက်မှုပညာ၊ တီထွင်ဖန်တီးမှုနှင့် အစားအစာယဉ်ကျေးမှုတို့ကိုပါ တစ်စုတစ်စည်းတည်း အသက်ဝင်စေသည့် ရိုးရာ အမွေအနှစ်တစ်ခုဖြစ်ပါကြောင်း၊ ယခုလို ပွဲဈေးကြီးကို အောင်မြင်စွာကျင်းပနိုင်ခြင်းကြောင့် မြန်မာ့ရိုးရာယဉ်ကျေး မှုနှင့် ဓလေ့ထုံးစံများကို မျိုးဆက်သစ်များထံ ထိန်းသိမ်းလက်လွှဲပေးနိုင်ခြင်း၊ ဒေသခံတောင်သူများ၊ လက်မှုပညာ ရှင်များနှင့် ကုန်သည်များ၏ ဒေသထွက်ကုန်များကို မြှင့်တင်ရောင်းချနိုင်ခြင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် စိတ်ဓာတ်ခွန်အားကိုပျော်ရွှင်ချမ်းမြေ့စေခြင်း စသည့်ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်
#Myanmar #News




No comments:
Post a Comment