နိုဝင်ဘာ - ၃ ( အင်္ဂါနေ့ )
ကိယက်ဗ်မြို့ပြင်မှာ စစ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး ဆေးကုခွင့်မပေးဘူးလို့ စွပ်စွဲခံထားရတဲ့ လျှို့ဝှက်စစ်ဘက်ဆိုင်ရာ အကျဉ်းထောင်တစ်ခုကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ ကြတယ်။ အဲဒိအရှုပ်တော်ပုံကနေ အကြမ်းဖက်ပဋိပက္ခတွေအထိ ဖြစ်လာတဲ့အတွက် သမ္မတဇီလန်စကီးရဲ့ ရုံးအကြီးအကဲ အပါအဝင် အဆင့်မြင့်အရာရှိကြီးတွေ ကိုယ်တိုင်ပါ ဝင်ရောက်ဖြေရှင်းခဲ့ကြရတယ်။
မနေ့က ယူကရိန်းမြို့တော်ဆင်ခြေဖုံးဖြစ်တဲ့ ပီထရိုပါဗလိုဗ်စကာယာ ဘော်ရှာဂိုဗ်ကာမှာ ဖြစ်ပွားခဲ့ တာပါ။ စစ်ထဲဝင်ဖို့ စုဆောင်းခံရတဲ့သူတွေနဲ့ စစ်ပြေးလို့ သံသယရှိတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်း ထားတယ်ဆိုတဲ့ ပုဂ္ဂလိကအိမ်တစ်လုံးဟာ ရုတ်တရက် အခြေအနေတင်းမာလာတဲ့ ပဋိပက္ခရဲ့ ဗဟိုချက်ဖြစ်လာခဲ့တယ်။
ဆိုရှယ်မီဒီယာတွေပေါ် ပျံ့နှံ့နေပြီး ယူကရိန်းသတင်းဌာနတွေ ဖော်ပြခဲ့တဲ့ ဗီဒီယိုတွေထဲမှာဆိုရင် အိမ်ခြံဝင်းတံခါးတွေကို အရပ်သားတွေက အတင်းအကျပ် ဖွင့်ဖို့ကြိုးစားနေတာတွေ၊ ဆန္ဒပြသူတွေနဲ့ အမည်မသိလူတွေ အချင်းချင်း ရန်ဖြစ်နေကြတာတွေကို တွေ့ရတယ်။ နောက်ဆုံးမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပြီး ဒဏ်ရာပြင်းထန်စွာ ရထားတဲ့သူတွေ အိမ်ထဲကနေ ထုတ်ခဲ့ရကြတာကို တွေ့ရပါတယ်။
လက်နက်ကိုင်ထားတဲ့လူတွေက အိမ်ရဲ့(မြေအောက်ခန်း) ထဲမှာ လူ ၄၀ အထိကို "ဓားစာခံ" အဖြစ် ဖမ်းဆီးထားကြပြီး အဲဒီသူတွေကို ရိုက်နှက်ညှဉ်းပန်းတာတွေလုပ်ကာ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မလုပ်ခိုင်းဘူးဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာပြီးနောက် စတင်ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီအထဲမှာ လူ ၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေက ဆိုခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကတော့ နောက်ပိုင်းမှာ သေဆုံးမှုတစ်စုံတစ်ရာ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေ အပါအဝင် လူဒါဇင်နဲ့ချီပြီး အဲဒီအိမ်ရှေ့မှာ စုဝေးရောက်ရှိ လာကြပြီး အထဲကို ဝင်ခွင့်တောင်းဆိုခဲ့ကြသလို အဆောက်အအုံကို တာဝန်ယူလုပ်ကိုင်နေသူတွေ ကလည်း ဝင်ရောက်တွေ့ဆုံခွင့်ပေးဖို့ ငွေညှစ်တောင်းခံနေတယ်လို့ စွပ်စွဲခံခဲ့ကြတယ်။
ဗီဒီယိုဖိုင်တွေထဲမှာတော့ ဆန္ဒပြသူတွေက အထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့အနေနဲ့ တံခါးတွေကို ကန်တာတွေ၊ ရိုက်နှက်တာတွေကို လုပ်ခဲ့ကြတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အဆောက်အအုံဝင်းထဲမှာ ရှိနေတဲ့သူတွေကလည်း လူအုပ်ကြီးဘက်ကို မျက်ရည်ယိုဗုံး သို့မဟုတ် ဓာတ်ငွေ့တွေနဲ့ ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ အမျိုးသမီးဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးဟာ ရဲအရာရှိတစ်ဦးနဲ့အတူ အထဲကို ဝင်ရောက်ခွင့်ရသွားခဲ့တယ်။ အဲဒီအထဲမှာ ရှိနေတဲ့သူတွေကို စစ်ဆေးပြီးနောက်မှာ သူမက သတင်းထောက်တွေကို ပြောပြရာမှာတော့ အဲဒီအထဲမှာ လူပေါင်း ၂၅ ဦးကနေ ၃၀ လောက် ရှိနေပြီး ပြင်းထန်စွာ ဖျားနာနေတဲ့ အမျိုးသား ၄ ဦးကိုတော့ ဆေးရုံတင်ပို့ကုသပေးဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ လူလေးဦးကို ကုသမှုခံယူဖို့အတွက် ခေါ်ဆောင်သွားခဲ့ကြတယ်။ ယူကရိန်းသတင်းဌာနတွေကတော့ ထင်ရှားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ထိခိုက်ဒဏ်ရာတွေ ပါရှိနေတဲ့ အမျိုးသားတွေရဲ့ ဗီဒီယိုဖိုင်တွေကို ထုတ်ပြန်ဖော်ပြခဲ့ကြတယ်။ သူတို့ထဲက တစ်ဦးဟာ ကျောရိုးနဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနေရတယ်လို့ သတင်းထွက်နေပေမဲ့ သူ့ရဲ့ဒဏ်ရာတွေ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်ပျက်စီးမှု ပမာဏကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုဖိုင်တွေအရ အဆောက်အအုံထဲကနေ ခေါ်ထုတ်သွားခံရသူတွေထဲမှာ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ သူ ဘယ်လိုပုံစံနဲ့ ရောက်နေလဲဆိုတဲ့ အခြေအနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ရှိမရှိ ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
REF: RT
#News #Myanmar

No comments:
Post a Comment