နိုဝင်ဘာ - ၃ ( အင်္ဂါနေ့ )
အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က မှတ်တမ်းတင်သမျှထဲမှာ အကြီးမားဆုံးသော ဒစ်ဂျစ်တယ်ငွေကြေး ခိုးယူခံရမှုအဖြစ် ဘိုင်နန့်စ် ငွေလဲလှယ်ရေးကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံနီးပါးကို မြောက်ကိုရီးယား ဟက်ကာတွေ ခိုးယူခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုဟာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးဘူးလို့ အလေးပေးပြောကြားခဲ့ပါတယ်။
စနေနေ့က ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်တစ်ခုမှာ FBI ကတော့ ကမ္ဘာ့အကြီးဆုံး ခရစ်တိုငွေလဲလှယ် လုပ်ငန်းတစ်ခုပေါ်ကို အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကို မြောက်ကိုရီးယားရဲ့ ဆိုက်ဘာလုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပြီး ပြီးခဲ့တဲ့နှစ်က ဘိုင်ဘစ် ကနေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ခိုးယူခံရမှုအတွက်ပါ တာဝန်ရှိတယ်လို့ စွပ်စွဲထားတဲ့ TraderTraitor ဟက်ကာ အုပ်စု လက်ချက်လို့ သတ်မှတ်ခဲ့ပါတယ်။
တိုက်ခိုက်သူတွေဟာ ခိုးယူထားတဲ့ ပိုင်ဆိုင်မှုတွေကို အီသီရီယံ ငွေကြေးအဖြစ် အဓိကပြောင်းလဲ နေကြပြီး သူတို့ရဲ့ မူလဇစ်မြစ်ကို ဖုံးကွယ်ဖို့အတွက် ခရစ်တိုငွေကြေး ဝန်ဆောင်မှုတွေ ကနေတဆင့် ရွှေ့ပြောင်းသွားနိုင်ချေရှိတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ FBI ကတော့ ငွေလဲလှယ်ရေး လုပ်ငန်းတွေနဲ့ အခြားဝန်ဆောင်မှုပေးသူတွေကို ဖော်ထုတ်ထားတဲ့ ဒစ်ဂျစ်တယ် လိပ်စာရာပေါင်း များစွာနဲ့ ချိတ်ဆက်ထားတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ပိတ်ပင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့လည်း သမ္မတ ထရမ့်ကတော့ စနေနေ့က သူ့ရဲ့ မာလာအာလာဂို စံအိမ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ အဲဒီအခြေအနေကို အပြည့်အဝ ထောက်ခံအတည်ပြုပြောဆိုခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment