ရန်ကုန်၊ နိုဝင်ဘာ ၁၅
ပန်းချီ၊ ပန်းပုကျောင်း၊ ပန်တျာကျောင်းနှင့် အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်း)အား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုပြင်ထိန်းသိမ်းနေမှုကို ယမန်နေ့နံနက်ပိုင်းတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး အနုပညာအထက်တန်းကျောင်း (ရန်ကုန်)မှ ဝန်ထမ်းများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အနုပညာအထက်တန်းကျောင်း (ရန်ကုန်)တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြမည့် မျိုးဆက်သစ်လူငယ်များဖြစ်ပါကြောင်း၊ အဆင့်ဆင့်ပြောင်းလဲတိုးတက်နေသော ဆက်စပ်ပညာရပ်များကိုပါ ဆည်းပူးလေ့လာ၍ အနုပညာရပ်များ ထာဝရရှင်သန်စေရန် ဆောင်ရွက်နိုင်သည့် အနုပညာရှင်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအနုပညာပြတိုက် (ချင်းချောင်း) မြေညီထပ်နှင့် ပထမထပ်ရှိ ကြမ်းခင်းများပြုပြင်ခြင်း၊ ပေါလစ်အရောင်တင်ခြင်း၊ ကြွေပြားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းများ၊ သစ်သားလှေကားများ ဆေးသုတ်ခြင်းလုပ်ငန်းများနှင့် အဆောက်အအုံ၏ မိုးယိုသောနေရာရှိ သွပ်အမိုး၊ ရေလိုင်းများ လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ပစ္စည်းများအလေအလွင့် မရှိစေရေးနှင့် ရှေးဟောင်းအဆောက်အအုံဖြစ်သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန်၊ နှစ်ပေါင်း ၁၀၀ ကျော် ရှေးဟောင်းအဆောက်အအုံဖြစ်၍ အထူးဂရုပြု ပြုပြင်ထိန်းသိမ်းရန်၊ ရှေးဟောင်းအဆောက်အအုံတွင် မြန်မာ့ရိုးရာ ပန်းချီ၊ ပန်းပုပညာရပ်များကို နိုင်ငံတကာအဆင့်အတန်းမီမီ အထောက်အကူပစ္စည်းများဖြင့် ဂုဏ်ယူစွာပြသနိုင်အောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ကမ္ဘောဇရိပ်သာ (ချင်းချောင်း)တွင် အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ပြသ၍ မြန်မာ့အနုပညာနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကသိအောင်ပြသရင်း မြှင့်တင်ရန်၊ အနုပညာအထက်တန်းကျောင်းနှင့် ပြတိုက်ပေါင်းစပ်ကာ သင်ယူမှုဗဟိုချက်နှင့် အနုပညာရပ်ဆိုင်ရာ အမွေအနှစ်များပါ လေ့လာကြည့်ရှုသင်ယူနိုင်ရေး စီမံဆောင်ရွက်ရန်၊ ပြည်သူလူထုအပန်းဖြေရန် နေရာ၊ ခရီးသွားဆွဲဆောင်မှုနေရာအသစ်တစ်ခု ဖော်ထုတ်ဆောင်ရွက်ရန် ရည်ရွယ်လျက် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုတို့ စုစည်းရာ အမျိုးသားအနုပညာပြတိုက် (National Art Museum) အဖြစ် နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ပြသသွားရန် လျာထားစီမံဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage-ICH ) ဖော်ထုတ်ခြင်းလုပ်ငန်းများ၊ အနုပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ အပတ်စဉ်ဖျော်ဖြေ တင်ဆက်မှုများ၊ မြန်မာ့ရိုးရာ အစားအသောက်များနှင့် ပေါင်းစပ်ထားသော ရှင်သန်နေသောပြတိုက် (Living Museum) ပုံစံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
#Myanmar #News

No comments:
Post a Comment