နေပြည်တော်၊ နိုဝင်ဘာ ၁၅
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်စစ်ဆေးရာ Yangon Aerodrome Co., Ltd. (YACL) အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများကို ဝန်ဆောင်မှုပြည့်ဝစွာပေးရေး၊ နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများရရှိစေရေး၊ အကောက်ခွန်လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ တရားမဝင် ကုန်စည်များကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း အကောက်ခွန်ဦးစီးဌာနက ခရီးသည်များ၏ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register - CEIR) One Stop Service (OSS)ဖြင့် မိုဘိုင်းဖုန်းအခွန်ဆောင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေး၊ ခရီးသည်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရေး ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Myanmar #News

No comments:
Post a Comment