နိုဝင်ဘာ - ၂၆ ( ကြာသပတေးနေ့ )
အမေရိကန်ပြည်သူအများစုဟာ အီရန်စစ်ပွဲကို ဘယ်လိုသဘောတူညီချက်မျိုးနဲ့ အဆုံးသတ်မလဲ ဆိုတာထက် စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေချင်နေကြတယ်လို့ မေရီလန်းတက္ကသိုလ်နဲ့ Ipsos တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ စစ်တမ်းအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ အဲဒီစစ်တမ်းအရ အမေရိကန်အရွယ်ရောက်ပြီးသူတွေရဲ့ ၅၅ ရာခိုင်နှုန်းက စစ်ရေးပဋိပက္ခတွေကို ချက်ချင်းရပ်တန့်ဖို့ ထောက်ခံကြပါတယ်။ အဲဒီထဲမှာ ဒီမိုကရက်ပါတီဝင် ၈၀ ရာခိုင်နှုန်း၊ ပါတီနှစ်ခုစလုံးကို မထောက်ခံတဲ့ တစ်သီးပုဂ္ဂလမဲဆန္ဒရှင် ၅၉ ရာခိုင်နှုန်းနဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ နောက်ထပ် ၂၁ ရာခိုင်နှုန်းကတော့ တီဟီရန်အစိုးရဟာ ဝါရှင်တန်ရဲ့ သတ်မှတ်ချက်တွေကို လက်ခံတဲ့အထိ စစ်ပွဲဆက်လက်တိုက်ခိုက်သင့်တယ်လို့ သဘောထားရှိကြပါတယ်။ စစ်ရေးအရ ပိုမိုပြင်းထန်အောင် လုပ်ဆောင်သင့်တယ်လို့ ထောက်ခံသူ ကတော့ ၁၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ဒီစစ်ပွဲကြောင့် အမေရိကန်အိမ်ထောင်စုတွေအတွက် လောင်စာဆီကုန်ကျစရိတ်တွေ မြင့်တက် လာခဲ့ပါတယ်။ အမေရိကန်မော်တော်ယာဉ် အသင်း (AAA) ရဲ့ အချက်အလက်တွေအရ အမေရိကန် နိုင်ငံမှာ ဓာတ်ဆီတစ်ဂါလန်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ၂ ဒေါ်လာ ၉၈ ဆင့် ရှိခဲ့ရာကနေ မေလမှာ ၄ ဒေါ်လာ ၅၆ ဆင့်အထိ မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက် ဈေးနှုန်းအနည်းငယ် ပြန်ကျလာပြီး အင်္ဂါနေ့မှာတော့ တစ်ဂါလန်ကို ၃ ဒေါ်လာ ၆၁ ဆင့် ရှိခဲ့ပါတယ်။
စစ်ပွဲစတင်ချိန်ကစပြီး ဓာတ်ဆီနဲ့ ဒီဇယ်ဆီဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် အမေရိကန် အိမ်ထောင်စုတစ်စုစီဟာ ပုံမှန်ထက် အပိုကုန်ကျစရိတ် ၁,၀၆၈ ဒေါ်လာလောက် ပိုမိုကုန်ကျခဲ့ရပါတယ်။ အဲဒီထဲမှာ ကားဆီဖြည့်တဲ့နေရာမှာ တိုက်ရိုက်ပိုကုန်ခဲ့တာက ဒေါ်လာ ၅၃၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ဒီစစ်ပွဲရဲ့ ဂယက်ဟာ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန် ကြားဖြတ် ရွေးကောက်ပွဲ အပေါ်မှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ကွန်ဂရက်လွှတ်တော်ရဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။
AP Voter Poll စစ်တမ်းအရလည်း မဲပေးသူ ၁၀ ယောက်မှာ ၆ ယောက်လောက်က အီရန်အပေါ် စစ်ရေးအရ အရေးယူတိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ယူဆကြကြောင်း သိရပါတယ်။
REF: RT
#Myanmar #News

No comments:
Post a Comment