Pages

▼

Pages

▼

နိုင်ငံတော်အဆင့် ချီးမြှင့်မြှောက်စားသင့်တဲ့ LFC







Lethwei Fighting Championship (LFC) ကို နိုင်ငံတကာအတွေ့အကြုံရှိသူတွေနဲ့ ပြည်တွင်းက မြန်မာ့လက်ဝှေ့အဖွဲ့ချုပ် တာဝန်ရှိသူတွေ ပူးပေါင်းပြီး ပုံဖော်ခဲ့ကြတယ်။ LFC ရဲ့ စီစဉ်ဆောင်ရွက်မှုတွေကို စိတ်ဝင်တစား ရှိခဲ့တာ အမှန်ပါပဲ။ ဘာကြောင့်လဲလို့ မေးရင် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတွေကို နိုင်ငံတကာအဆင့်ထိ ပို့ဆောင်နိုင်မယ်။ သူတို့ရဲ့ ဝါသနာလည်းဖြစ်၊ မြန်မာ့ရိုးရာအားကစားနည်းတစ်ခု ကမ္ဘာ့အဆင့်အထိ မြှင့်တင်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီး စောင့်ကြည့်နေခဲ့မိတာ ဖြစ်ပါတယ်။

ယနေ့ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့ (ညနေ ၆ ၀၀)နာရီမှာတော့ ၂နှစ်ကြာ ပြင်ဆင်ဆောင်ရွက်ခဲ့ရတဲ့ Lethwei Fighting Championship (LFC) က စီစဉ်တဲ့ ပထမဆုံးလက်ဝှေ့ပြိုင်ပွဲ (LFC-1)ကို ကြည့်ရှုအားပေးကြရတော့မှာ ဖြစ်ပါတယ်။

LFC ဖောင်ဒါ နစ်ခ်ချန့်မန်း ရဲ့ လုပ်ငန်းစဉ်တစ်ခုချင်းစီအလိုက် လက်ဝှေ့ပရိတ်သတ်တွေကို ရှင်းရှင်းလင်းချပြီး ပရိတ်သတ်ရဲ့ ယုံကြည်မှုကို ရယူသွားတာကလည်း အံ့မခန်း လုပ်ဆောင်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ LFC ကို လက်ဝှေ့ပရိတ်သတ်တွေသာမက လုပ်ငန်းရှင်တွေလည်း စိတ်ဝင်တစားရှိပြီး ပူးပေါင်းပါဝင် ကူညီလာကြတာကလည်း အားရစရာ တစ်ခုဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့ကို ကိုယ်စားပြုတဲ့ အဆင့်မြင့် ပရိုမိုးရှင်းတစ်ခု ပေါ်ပေါက်လာဖို့က လက်ဝှေ့သမားတွေ၊ လက်ဝှေ့ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တစ်ခုပါ။ ဒီမျှော်လင့်ချက်ကို အမိအရ အကောင်အထည်ဖော်ပေးခဲ့တာက နစ်ခ်ချန့်မန်းနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ 

LFC ရဲ့ ပထမဆုံး ခြေလှမ်းကိုတော့ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ယမန်နေ့က သတင်းစာရှင်းလင်းပွဲမှာ LFC ဖောင်ဒါ နစ်ခ်ချန့်မန်း ရဲ့ ရှင်းလင်းပြောကြားချက်တွေ ကစားသမားတွေရဲ့ အပြန်အလှန် ထိုးနှက်ပြောဆိုမှုတွေကလည်း စိတ်ဝင်စားမှု မြင့်တက်စေပါတယ်။ ဒီနေရာမှာ ပြည်ပက ကစားသမားတွေက ပိုပြီး လေတိုက်ကြသလို ပါဖော့မန့်တွေကလည်း ကောင်းလွန်းနေပါတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြန်မာဖိုက်တာတွေအနေနဲ့လည်း ပရိတ်သတ်ကို ဖမ်းစားနိုင်ဖို့ လေတိုက်တာတွေ၊ ပါဖော့မန့် လုပ်တာတွေလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ မြင်ပါတယ်။

မြန်မာ့လက်ဝှေ့ကစားသမားတွေရဲ့ မျှော်လင့်ချက် အိမ်မက်တစ်ခုကတော့ အကောင်အထည် ပေါ်လာခဲ့ပြီ။ LFC ရဲ့ ပြိုင်ပွဲတွေကို မြန်မာပြည်မှာသာမက ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာပါ ကျင်းပဖို့ စီစဉ်ထားတာဖြစ်လို့ မြန်မာဖိုက်တာတွေဘက်က ပိုပြီး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

LFC ဖြစ်တည်လာမှုနဲ့အတူ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများအနေနဲ့ကလည်း ဒါကို မျက်ခြေမပြတ်သင့်ဘူးလို့ မြင်မိပါတယ်။ ဒီပရိုမိုးရှင်း ရေရှည်ရပ်တည်နိုင်အောင်၊ ဖိုက်တာကောင်းတွေ မွေးထုတ်နိုင်အောင်၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာမှာ ပိုမိုအဆင်ပြေအောင် မိမိတို့ဘက်ကလည်း တတ်နိုင်တဲ့ ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် One Championship အောင်မြင်လာခြင်းရဲ့ နောက်ကွယ်မှာ သက်ဆိုင်ရာနိုင်ငံအစိုးရများရဲ့ ကူညီပံ့ပိုးမှုတွေ ရှိပါတယ်။ ဒါကြောင့်လည်း ရေရှည်ရပ်တည်ပြီး လည်ပတ်နိုင်တာ ဖြစ်ပါတယ်။ 

LFC ဆိုတာကတော့ မြန်မာ့လက်ဝှေ့ကို အထူးပြုပြီး ပေါ်ပေါက်လာတဲ့ ပရိုမိုးရှင်းဖြစ်သည်နှင့်အညီ အားကစားဝန်ကြီးဌာန ဘက်က သူတို့ရဲ့ ဖြစ်တည်မှု၊ သူတို့ရဲ့ လုပ်ဆောင်ချက်၊ အားသာချက် အားနည်းချက်တွေကို ထောက်ရှုပြီး ပိုမိုအဆင်မြင့်တဲ့ အခြေအနေတစ်ခုအထိ ရောက်အောင် ကူညီပံ့ပိုးပေးစေချင်တဲ့ဆန္ဒနဲ့ တိုက်တွန်း ရေးသားခြင်းပါ။ LFC ရေရှည်မှာ အောင်မြင်မှုရဖို့ လိုအပ်တယ်။ တနွယ်ငင် တံစဉ်ပါ ဆိုသလို LFC အောင်မြင်မှ မြန်မာဖိုက်တာတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ထိုက်တန်တဲ့ ချီးမြှင့်မြှောက်စားမှုတွေ ရမယ်။ မျိုးဆက်သစ်ဖိုက်တာတွေ အနေနဲ့လည်း မျှော်လင့်ချက် ရှိလာမှာဖြစ်တဲ့အတွက် ပိုမိုကြိုးစားအားထုတ်ကြလိမ့်မယ်။

လက်ဝှေ့ကလပ်တွေ ပိုမိုအဆင့်မြှင့်တင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးပွားလာမယ်။ ဒါက မြန်မာ့အားကစားနည်းတစ်ခုကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက အလုပ်အကိုင်အခွင့်အလမ်းအပြင် ပြည်သူများကို ဖျော်ဖြေမှုပေးနိုင်တဲ့ အစီအစဉ်ကောင်းတစ်ခု တိုးပွားလာတာ ဖြစ်ပါတယ်။

ဒါကြောင့် LFC အောင်မြင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်ပေးလာသလို အစိုးရလက်အောက်မှာ ရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ကလည်း ကူညီပံ့ပိုးချီးမြှင့်မြှောက်စားမှု လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။ 

LFC အောင်မြင်ပါစေ။ မြန်မာဖိုက်တာများ ကမ္ဘာ့ဆင်မြင့်ထက်မှာ အောင်ပွဲအလီလီ ရရှိပါစေ။ ကမ္ဘာကို စိန်ခေါ်မယ့် မြန်မာ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာ့လက်ဝှေ့အစွမ်းကို ကမ္ဘာအရပ်ရပ်က အံ့သြမင်သက်သွားအောင် လုပ်ပြနိုင်ကြပါစေ။


နောင်

#News #Myanmar


No comments:

Post a Comment