သမဝါယမအခန်းကဏ္ဍဖြင့် ပြည်သူများအတွက် သမဝါယမအသင်းစုတို့မှ ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးမည့် ဆန်၊ ဆီနှင့် ကြက်သွန်များ မြိတ်မြို့သို့ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမဝါယမအခန်းကဏ္ဍဖြင့် ပြည်သူများအတွက် သမဝါယမအသင်းစုတို့မှ ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူး ရောင်းချပေးမည့် ဆန်၊ ဆီနှင့် ကြက်သွန်များ မြိတ်မြို့သို့ရောက်ရှိ



မြိတ်၊ နိုဝင်ဘာ  ၂၇

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ  သမဝါယမအခန်းကဏ္ဍဖြင့် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် မော်လမြိုင်မှ မှာယူထားသည့် ဆန်(၁၂)ပြည်အိတ် (၆၀၀၀)၊ ဆီပိဿာ(၃၀၀)နှင့် ကြက်သွန်နီ ပိဿာ(၁၀၀၀)သည် မြိတ်မြို့သို့ ယမန်နေ့ နေ့လယ်ပိုင်းက တပ်မတော် ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။

“တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ဒေသအတွင်းမှာ ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ စားသုံးသူ အခြေခံပြည်သူလူထုအတွက် သက်သာတဲ့ ဈေးနှုန်းနဲ့ ဆန်၊ ဆီ အပါအဝင် ကြက်သွန်နီ၊ ကြက်ဉ၊ ကုန်မျိုးစုံကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်း က ပြောသည်။

ပြည်သူများအား ဈေးနှုန်းချိုသာစွာရောင်းချပေးမည့် ဆန်၊ ဆီနှင့် ကြက်သွန်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တို့ ချိတ်ဆက်၍ သယ်ယူပို့ဆောင်ခြင်းဖြစ်ပြီး မြို့နယ်များအလိုက် သမဝါယမအသင်းစုများမှ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဆန်နှင့် ကြက်သွန်နီများကို မြိတ်၊ ထားဝယ်၊ ကော့သောင်းခရိုင်အတွင်းရှိ ပြည်သူများနှင့် ဆီကို မြိတ်နှင့် ထားဝယ် ခရိုင်ရှိ ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခြေခံသမဝါယမအသင်းတွေကို အခြေခံသမဝါယမအရောင်းဆိုင်ဖွင့်နိုင်တဲ့ အရောင်းဆိုင်တွေမှာ မြို့နယ်က မတည်ပြီး လုပ်သားပြည်သူတွေ လွတ်လပ်စွာ ဝယ်ယူနိုင်ဖို့ရောင်းချပေးမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေ ယူမယ်ဆိုရင် စာရင်းမှတ်စနစ်၊ အရစ်ဆိုင်းစနစ်နဲ့ ရောင်းချပေးဖို့အစီအစဉ်ရှိပါတယ်။  အဓိကက လုပ်သားပြည်သူတွေ သက်သာချောင်ချိပြီး ဈေးနှုန်းတည်ငြိမ်အောင် ရည်ရွယ်ပြီး လုပ်တဲ့ အတွက်ကြောင့် ဖြန့်ဖြူးရောင်းချပြီး အရှိန်အဟုန်မြှင့်၍ ဆက်လက်ဖြန့်ဖြူးရောင်းချပေးမှာ ဖြစ်ပါတယ်” မြိတ်မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးလှကြည်က ပြောသည်။

သမဝါယမအခန်းကဏ္ဍဖြင့် ရောက်ရှိလာသည့် ဆန်၊ ဆီ၊ ကြက်သွန်များကို အမြတ်အစွန်းမယူဘဲ ဝယ်ယူသည့်ဈေးနှုန်းတွင် ကုန်တင်ကုန်ချ စရိတ်ပေါင်းပြီး ပြည်သူတွေကို ပြန်လည်ဖြန့်ဖြူးရောင်းချ ပေးခြင်းဖြစ်ပြီး ယခုလိုရောင်းချခြင်းသည် ဒုတိယအကြိမ်ဖြစ်၍ ဆက်လက်ပြီး စားသုံးကုန်အပြင် လူသုံးကုန်ပစ္စည်းများပါ သက်သာသော ဈေးနှုန်းဖြင့် မှာယူရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ ဆန်နှင့် အခြေခံစားသုံးကုန်တွေကို အဓိကထားပြီးတော့ ဖြန့်ဖြူးရောင်းချ ပေးနေတာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ အမြဲတမ်းဝန်ထမ်း၊ နေ့စားဝန်ထမ်း(၂၀၀၀၀)ဦးခန့်ရှိတယ်။ သမဝါယအသင်းသား အသင်းသူတွေကလည်း (၅၀၀၀၀)လောက်ရှိတယ်။ ဒါတွေကို အခြေခံပြီး ဈေးကွက်ရယူ၍ အခြေခံပြည်သူတွေ၊ ဝန်ထမ်းတွေကို သက်သက်သာသာနဲ့ ရောင်းချပေးနိုင်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူသုံးကုန် ပစ္စည်းတွေကိုပါ ဖြန့်ဖြူးရောင်းချဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး က ဖြည့်စွက် ပြောကြားသည်။

ပြည်သူများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည့် ဆန်၊ ဆီနှင့် ကြက်သွန်များ မြိတ်မြို့ ဆိပ်ခံတံတား တွင်  ရောက်ရှိသယ်ယူနေမှုအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဉာဏ်ဇော်၊ တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် ခဲ့ကြပြီး တာဝန်ရှိသူများက ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များရှိ သမဝါယမ အသင်းစုများအား မော်တော်ယာဉ်များဖြင့် ဆက်လက်ဖြန့်ဖြူး ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 

သတင်း - ခိုင်ထူး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)