နမ္မတူ၊ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာ ယနေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် အသက် (၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူ ၂၀၀ဦးအား ကာကွယ်ဆေးထိုးနေရာ နှစ်နေရာခွဲ၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး၊ နိုင်ဝင်ဘာလ(၁၁)ရက်နေ့တွင်လည်း အောက်တိုဘာလ (၁၄)ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူ ၁၂၀ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဆရာဝန်နှင့်သူနာပြုများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူမျာပြုတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးသည်။
နမ္မတူမြို့နယ်၌ ယနေ့တွင် အသက် (၄၅)နှစ်နှင့်အထက် ပြည်သူ ၂၀၀ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၃၈၄၁ဦးအား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံနိုင်ခဲ့ပြီး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၂၀ဦး၊ အခြေခံပညာအလယ်တန်း/အထက်တန်း ကျောင်းသား/ကျောင်းသူ ၈၃၆ဦး စုစုပေါင်း ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၅၆ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၇၄၇ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၇ဦးရှိကာ၊ ၂၃ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၃၈ဦးရှိကြောင်း သိရသည်။
သတင်း - လူမော် (ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment