ပေကျင်း ၊ ဒီဇင်ဘာ ၉
တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲသို့ ဩစတြေးလျတာဝန်ရှိသူများ တက်ရောက်မည်မဟုတ်ကြောင်း ဩစတြေးလျနိုင်ငံဝန်ကြီးချုပ်စကော့မော်ရစ်ဆန် (Scott Morrison ) ၏ ထုတ်ဖော်ကြေညာမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းစဉ် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲသည် နိုင်ငံရေးကစားရန် နှင့် လိုရာအသုံးချရန် စင်မြင့်တစ်ခုမဟုတ်သည်ကို တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ထပ်ဖန်တလဲလဲပြောကြားထားပြီးဖြစ်ကြောင်း ဝမ်ဝန်ပင်းက ဆိုသည်။ ထို့ပြင် ဩစတြေးလျနိုင်ငံရေးသမားများ၏ ကိုယ်ကျိုးအတ္တလုပ်ဆောင်ချက်များသည် အိုလံပစ်အားကစားပွဲကြီးအား တရုတ်နိုင်ငံက အောင်အောင်မြင်မြင်ကျင်းပနိုင်မည့်အပေါ် လုံးဝသက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ ကျွန်တော်ထောက်ပြလိုတာက ဩစတြေးလျနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အမြဲတမ်း အပြစ်ရှာပြောဆိုနေပြီး သူတို့ပြောပြောနေတဲ့ ရှင်းကျန်းက လူ့အခွင့်အရေးကိစ္စရပ်ဟာ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အစိုးရအရာရှိတွေမလွှတ်ဖို့ အခြားကိစ္စရပ်တစ်ခုပဲပေါ့” ဟု ၎င်း က ဆိုသည်။
အိုလံပစ်အားကစားပြိုင်ပွဲပဋိညာဉ်ထဲတွင်ဖော်ပြထားသည့် နိုင်ငံရေးဘက်လိုက်ခြင်းမပြုရေး ပြဌာန်းချက်ကို ဩစတြေးလျနိုင်ငံက လက်တွေ့ချိုးဖောက်နေပြီး “အတူတကွ” ဆိုသော အိုလံပစ်ဆောင်ပုဒ်ကို မျက်ကွယ်ပြုကာ တစ်ကမ္ဘာလုံးရှိ အားကစားသမားများ နှင့် ပရိသတ်များ၏ ဆန့်ကျင်ဘက်အရပ်တွင် ရပ်တည်လိုက်ခြင်းဖြစ်သည်။
“ ဩစတြေးလျအစိုးရဟာ အချို့နိုင်ငံတွေနောက်ကို မျက်ကန်းတစ်ယောက်လို လိုက်ပါပြုမူနေတာဟာ အမှားကိုအမှန်ထင်တဲ့အထိ လုံးလုံးလျားလျား လမ်းလွဲနေပါတယ် ” ဟုဝမ်က ဆိုသည်။
ဩစတြေးလျနိုင်ငံ၏ အပြုအမူ နှင့် ၎င်း၏တင်းမာသောကိုယ်စားပြုမှုများကို တရုတ်နိုင်ငံက လက်မခံကြောင်း နှင့် ကန့်ကွက်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment