မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်


မကွေး၊ ဒီဇင်ဘာ   ၂၉

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသားများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေး တို့အတွက် ကဏ္ဍစုံတွင် ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတိုးတက် ရရှိရေးအတွက် တက်နိုင်သမျှ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံအတွင်း ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြား လာခြင်းနှင့်အတူ နိုင်ငံသားများ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများလည်း စီးပွားရေး ကွင်းဆက်အလိုက် ကျွဲကူး ရေပါ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသည် လုပ်သားအင်အား ပေါများပြီး၊ တစ်နှစ်ပတ်လုံး နေရောင်ခြည် ကောင်းစွာရရှိကာ ဧရာဝတီမြစ်ကြောင်းကိုလည်း သယ်ယူပို့ဆောင်ရေးတွင် ကောင်းစွာအသုံးချနိုင်ပါကြောင်း၊ ဆီထွက်သီးနှံနှင့် စားသောက် ကုန်သီးနှံများ၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးများလည်း ပေါများစွာ ထွက်ရှိကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်နှင့် သမိုင်းအစဉ် အလာကြီးသော အထင်ကရ နေရာများလည်း ရှိကြောင်း၊ ၎င်းတို့မှာ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အားသာချက်များပင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရန်အတွက် လုပ်ငန်းရှင်များအနေနှင့် တိုင်းဒေသကြီး၏ တည်ရှိနေသော အခွင့်အလမ်းများကို တိုးတက်နေသည့် ခေတ်နှင့် လျော်ညီစွာ နိုင်ငံတကာအဆင့်ရှိ လုပ်ပုံလုပ်နည်း နည်းစနစ်များ၊ အရည်အသွေး ပြည့်မီသော ကုန်ထုတ်စနစ်များ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ၊ ခေတ်မီ ဝန်ဆောင်မှုစနစ်များအဖြစ် ဖြစ်ပေါ်တိုးတက် ပြောင်းလဲကျင့်သုံး လာနိုင်စေရေး ကြိုးစားလုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြိုင်ဆိုင်မှုများသည့် မျက်မှောက်ခေတ်တွင် မိမိတို့၏ ဒေသခံလုပ်ငန်းရှင်များအနေဖြင့် ကြံ့ကြံ့ခံ အောင်ပွဲဆင်နိုင်မှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု၏ တည်ဆောက်မှု/ပြင်ဆင်မှုကာလ ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီ အဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း သိရသည်။

သတင်း - မောင်ညီညာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)