နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးကျင်းပ



နေပြည်တော်၊ ဒီဇင်ဘာ ၂၇

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် လုပ်ငန်း ကော်မတီဝင် များ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သယံဇာတ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်သည်။

ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာ့ကမ်းရိုးတန်း သယံဇာတများ ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန် စီမံအုပ်ချုပ်ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဏ္ဏိုင်ကြီး (၃) ရပ်ကို ဟန်ချက်ညီညီ စီမံအုပ်ချုပ်နိုင်ရန် ဒေသစုံ၊ ကဏ္ဍစုံ၊ ဌာနစုံ ပူးပေါင်းဆောင်ရွက်မှသာ ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ကမ်းရိုးတန်းသယံဇာတများ ဘက်စုံပူးပေါင်း စီမံအုပ်ချုပ်ခြင်း “Integrated Coastal Management” ကိုရေးဆွဲလျက်ရှိကြောင်း။

ယင်းစနစ်သည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံက ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံမူများနှင့်အညီ ပေါ်ပေါက် လာသည့် စီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်တစ်ရပ်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့များကို ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များမှ အမြောက်အမြား စုပ်ယူသိုလှောင်ထားပြီး ကမ်းရိုးတန်းသယံဇာတများ ပျက်စီးပြုန်းတီးခဲ့လျှင် ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားစေနိုင်သည့်အပြင် မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက်ရှိ သဘာဝအမွေအနှစ်များဖြစ် သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊  ကျွန်းစုများ၊  မြစ်ဝကျွန်းပေါ်များစသည့် ဂေဟ စနစ်များ၊ ငါး၊ ပုစွန်ထုတ်လုပ်မှုနှင့် ရေလုပ်ငန်းများ ထိခိုက်ပျက်စီး ပြုန်းတီးသွားနိုင်သည့်အတွက် ကောင်းမွန်သော စီမံအုပ်ချုပ်မှု နည်းလမ်းများကိုလည်း ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း‌ ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ ပင်မကုန်းမြေတွင်ရှိသော နိုင်ငံများတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ဂေဟစနစ် (Ecosystem) အမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တွေ့ရှိရသော ဂေဟစနစ်များမှာ ဒီရေတော၊ သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်းတို့ဖြစ်ပြီး နိုင်ငံ၏ ထုတ်ကုန်ပစ္စည်း (Goods) နှင့် ဝန်ဆောင်မှု (Services) အမျိုးမျိုးပံ့ပိုးပေးရာ အရင်းအမြစ် လည်းဖြစ်​သည့်အတွက် နိုင်ငံ၏လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့တွင် အရေးပါသည့် အခန်းကဏ္ဍ၌ ရပ်တည်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသဘာဝ သယံဇာတများကို  ထိခိုက်မှု မရှိစေဘဲ  အကောင်းဆုံးနည်းလမ်းများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ(၂၆)ရက်တွင် ကျင်းပခဲ့သော (၃၈) ကြိမ်မြောက် (ASEAN SUMMIT) တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း သဘောတူ ကြေညာ ခဲ့သည့် အာဆီယံသမုဒ္ဒရာ ရေပြင်အတွင်း (Blue Economy) အား အကောင်အထည်ဖော် ဆောင်ရွက် ကြရန် ကတိကဝတ် ကြေညာထားရှိပြီးဖြစ်ကြောင်း၊ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ သယံဇာတ ထုတ်လုပ်မှုလုပ်ငန်း စသည့် ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်၊ လူမှုစီးပွားရေးနှင့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို နိုင်ငံ၏ရေရှည် အကျိုးစီးပွားအဖြစ် အခြေခံ၍ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင်  သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ရှေ့ဆက် ဆောင်ရွက်မည့် အစီအမံများကို ကော်မတီဝင်များက ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)