MNP - ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက သရက်ခရိုင်ဥပဒေရုံးနှင့် သရက်မြို့နယ်ဥပဒေရုံး အဆောက်အဦသစ် ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဥပဒေအရာရှိ ဦးဝင်းနိုင်က ရုံးသစ်တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ဥပဒေရုံးသစ်အဆောက်အဦအား ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့် တပ်နယ်မှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဥပဒေရုံးသစ် ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းပေးကာ ရုံးသစ် အဆောက်အဦကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်မြို့နယ် တေဇအားကစားခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းတို့ကို ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ယင်းနောက် သရက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာနှစ် (Mini Budget) ကာလအတွင်း ဆောင်ရွက်သည့် သရက်ခရိုင်ခန်းမအဆောက်အဦအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား၍ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများအား ယခင်နှစ်ထက် ပိုမိုတိုးတက် ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - ဇော်ဝမ်းထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment