နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားမြို့၌ လီဆူတိုင်းရင်းသားများနှင့်တွေ့ဆုံ မြို့တွင်းလှည့်လည်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားမြို့၌ လီဆူတိုင်းရင်းသားများနှင့်တွေ့ဆုံ မြို့တွင်းလှည့်လည်စစ်ဆေး


MNP ၊ ဇန်နဝါရီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦး Jang Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် မလိခရိပ်သာဧည့်ခန်းမဆောင်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများထံ ကချင်တိုင်းရင်းသား ကချင်ရိုးရာ ဓါး၊ လွယ်အိတ် နှင့် ခေါင်းပေါင်း တို့ကို ဂါဝရ ပြုပေးအပ်သည်။

ထိုမှတဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ် တို့သည် မြစ်ကြီးနားမြို့ လီဆူရိုးရာယဉ်ကျေးမှုကွင်း၌ မြန်မာနိုင်ငံလီဆူ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသား မျိုးနွယ်စုများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦး Jang Phang နော်တောင် ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးအားဖူရီလီမီ မှ ကျေးဇူး တင်စကားနှင့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွက် လိုအပ်ချက်များကို တင်ပြသည်။

ဆက်လက်၍ ဦးအားဖူရီလီမီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံ လီဆူတိုင်းရင်းသားတို့၏ ရိုးရာ “ဇာဇော်”အား ဂါဝရပြုပေးအပ်ပြီး လီဆူတိုင်းရင်းသား /သူလေးများက လီဆူရိုးရာ ကွာရဲအကဖြင့် ကပြဖျော်ဖြေခဲ့ကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့သည် တာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူး တံတားအမှတ် (၂) တည်ဆောက်ရေး စီမံကိန်းနေရာ၌ တံတားသစ်တည်ဆောက်နေမှု အခြေအနေများ၊ မြစ်ကြီးနား တက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးကာ တက္ကသိုလ် စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်လျက် ရှိသည့် ရေကူးပြေးလမ်း ၁၀ လမ်းပါ (၅၀ မီတာ၊ ၂၅ မီတာ) ရှိ ရေကူးကန် တည်ဆောက်နေမှု၊ ရေကူးကန်အတွင်း ပွဲကြည့်စင်၊ အမိုး၊ဒိုင်းများ ထည့်သွင်း တည်ဆောက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)