MNP ၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံအတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံက ဒိန်းမတ် ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)သို့ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက သတင်းထုတ်ပြန်သည်။
ဒိန်းမတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ကချင်၊ ချင်း၊ ရခိုင် နှင့် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးတွင် ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရသော နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေပေါင်း ၃၆၀,၀၀၀ ခန့်နှင့် အခြားထိခိုက်လွယ်သော မိသားစုဝင်များကို လစဉ် အသက်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည်ဟု သိရသည်။
"မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောသည်။
၂၀၂၂ ခုနှစ်အတွင်း အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ အကျိုးခံစားခွင့်ရရှိသူများသည် နေ့စဉ်ကယ်လိုရီလိုအပ်ချက်နှင့် ကိုက်ညီသော ဆန်၊ ပဲ၊ ဆီနှင့် ဆား ပါရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ သို့မဟုတ် အဆိုပါ အခြေခံစားသောက်ကုန်များကို ဒေသတွင်းဈေးဆိုင်များတွင်ဝယ်ယူနိုင်မည့် ငွေသားအထောက်အပံ့ကို ရရှိကြမည်ဟု ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment