MNP - ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ဒုတိယအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် နိုဝင်ဘာလအတွင်းမှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့် မြို့နယ် အတွင်းနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ယခုဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ် ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၂၅၉ ဦး၊ ကျောင်းသား/ကျောင်းသူ ၉၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၇၉၆ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၂၀၀ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၁၅၇ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သတင်း - လူမော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment