ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး





MNP ၊ ဇန်နဝါရီ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းကို  ကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်း သင်တန်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာ တာဝန်ရှိသူများကို ဝါနှင့်ဆီထွက်သီးနှံ စိုက်ပျိုးသည့်တောင်သူများ သီးနှံအထွက်နှုန်း တိုးပွားစေရေးအတွက် လိုအပ်သည့် မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးကူညီပေးရေး၊ တောင်သူနည်းပညာပေး လုပ်ငန်းများဆောင်ရွက်ရေး၊ ဈေးကွက်ချိတ် ဆက်မှုကို သမဝါယမအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ချိတ်ဆက် ကူညီဆောင်ရွက်ပေးရန် မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မိတ္ထီလာကန်ကြီးအတွင်းမှ ရေကို Plastic Filter Media နှင့် Gravel Media တို့ဖြင့် ရေသန့်စင်ခြင်း၊ အနှေးရေစစ်ကန်၌ Down Flow စနစ်ဖြင့် ရေသန့်စင်ခြင်း၊ ကလိုရင်းဆေးခတ် သန့်စင်ခြင်းစသည့် အဆင့်(၆)ဆင့်ဖြင့် သန့်စင်ပြီး မိတ္ထီလာမြို့ ပေါ်ရှိ ရပ်ကွက် ၃ ရပ်ကွက်၊ အိမ်ခြေ ၅၁၄၁၊ လူဦးရေ ၃၄၅၀၀ အတွက် နေ့စဉ်ရေဂါလံ ၆ ဒသမ ၉ သိန်းကို အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေးနိုင်မည့် မြို့ရေပေးရေး စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မြို့ရေ ပေးရေးလုပ်ငန်းများ ပုံမှန်လည်ပတ်မှု ရှိစေရေး၊ တပ်ဆင်ရန်ကျန်ရှိသည့် ရေမီတာများအား အမြန် တပ်ဆင်ရေး၊ ချေးငွေဖြင့် ဆောင်ရွက်ရသည် ဖြစ်၍ ရေပေးဝေမှုလုပ်ငန်းများ အမြန်အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး ကိစ္စရပ်များအား ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ အမြဲမပြတ် ကြီးကြပ်စစ်ဆေးသွားကြရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ်အတွင်းမှ ရေကို ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၀၅ ရွာ၊ အိမ်ခြေပေါင်း ၂၃၂၁၄ အိမ်၊ လူဦးရေပေါင်း ၁၀၇၆၃၀  ဦးအတွက် နေ့စဉ် ရေဂါလန် ၇ သိန်း ဖြန့်ဝေပေးလျက်ရှိသည့် နတ်သမီးကမ်းပါးမြစ်ရေတင် ကျေးလက်ရေပေး ရေး လုပ်ငန်းရှိ ငှက်ပစ်တောင်ရေစက်ရုံ  လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ရေပေးရေးလုပ်ငန်းများ ပုံမှန်လည်မှုရှိစေရေး၊ ပြင်ဆင် ထိန်းသိမ်းရေး ကိစ္စရပ်များအား ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲမပြတ် ကြီးကြပ်စစ်ဆေးသွားကြရန် မှာကြားသည်။

ယင်းနောက် မြေအောက်ရေ ရှာဖွေရေးသင်တန်းများ၊ စက်ရေတွင်းသစ် တူးဖော်နည်း သင်တန်းများ၊ စက်ရေတွင်း ရေရှည် ထိန်းသိမ်းနည်းသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည့် ညောင်ဦးမြို့ ကျေးလက်ဒေသ ရေရရှိရေး နည်းပညာသင်တန်း ကျောင်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)