MNP ၊ ဇန်နဝါရီ ၁၁
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်မြို့ရှိ သီရိမင်္ဂလာပရိယတ္တိသီလရှင်စာသင်တိုက်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်၊ အာခါပရိယတ္တိစာသင်တိုက်၊ ထေရဝါဒ ဗုဒ္ဓ သာသနာပြုကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြို့ရှိ ဇေယျမေဒနီစာသင်တိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ပုပ္ပပါရုံကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ အတုလဝတီ သီလရှင်စာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်း ကျောင်းတိုက်၊ အာခါပရိယတ္တိစာသင်တိုက်နှင့် ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတို့မှ သံဃာတော်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment