MNP - ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပွဲနှင့် ကမ်းဒေး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ မြတ်ဒါန စာသင်ဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲသို့ တက်ရောက်ကြပြီး မြို့အုပ်ချုပ်ရေးမှူးရုံးသစ်မုခ်ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တောင်ကုတ် မြို့၊ မြို့မိ၊ မြို့ဖ ဒေါက်တာ စံလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့အုပ်ချုပ်ရေးမှူးရုံး ဆိုင်းဘုတ် အားအမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးရုံးအးစည်းအဝေးခန်းမ၌ အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးက တန်းလွဲရွာမ မြို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တန်းလွဲရွာမမြို့၊ မြို့မိမြို့ဖ ဦးထွန်းထွန်းဝင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး တို့က မိမိတို့ ဝန်ကြီးဌာနအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြား ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တန်းလွဲရွာမမြို့အတွက် အားကစားပစ္စည်းများထောက်ပံ့ ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တန်းလွဲရွာမမြို့ ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသအား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ကမ်းဒေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် မြတ်ဒါနစာသင်ဆောင်လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ ကျောင်းဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ကျောင်းဆောင်သစ်အလှူရှင်နှင့် ကျောင်းအုပ်ဆရာကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ များက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တောင်ကုတ်မြို့ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ ဦးကျောက်တောင်က တောင်ကုတ်မြို့နယ် ပညာရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြော ကြားပြီး မြတ်ပညာဒါန စာသင်ဆောင်အလှူရှင် သုဓမ္မမဏိဇောတဓရ ဦးခင်သိန်းက စာသင်ဆောင် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကမ်းဒေး ကျောင်းသားဟောင်း၊ တောင်ကုတ်တက္ကသိုလ်၊ ဓာတုဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ မောင်မောင်ခင်က ဖြတ်သန်းခဲ့ရသော ပညာရေးအတွေ့အကြုံများကို ပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာ ကြီးက ကျောင်းသမိုင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကမ်းဒေးသား၊ သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း များကို အလှူရှင်က ပြည်နယ် ပညာရေးမှူးထံပေးအပ်ကြသည်။ ဆက်လက်၍ အလှူရှင်များက ကျောင်းအတွက် ကွန်ပျူတာတစ်စုံ၊ ကျောင်းပညာရေး ပဒေသာပင်အတွက် မတည်ငွေ (၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်းကြပြီး ကျောင်းသား၊ ကျောင်းသူများက မဟာနွယ်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်- မအီ- ကျောက်ဖြူလမ်း (တောင်ကုတ်-မအီအပိုင်း) တောင်ကုတ်မြို့နယ် ကိုင်းရှည်တံတားမှ တက္ကသိုလ်ပင်မဝင်ပေါက်အထိ ၃၆ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း(AC) လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment