MNP ၊ ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ် မအီမြို့နယ် ကင်းခြေရွာသစ်ကျေးရွာ၊ ရန်ကုန်-ကျောက်ဖြူအဝေး ပြေးကားလမ်း၊ မိုင်တိုင်အမှတ်(၆၄)မိုင်(၁) ဖာလုံအနီးတွင် ယနေ့ နံနက်(၆)နာရီ(၁၅) မိနစ် အချိန်ခန့်က ခရီးသည်တင်ယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သတင်းအရ မအီနယ်မြေရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်ဝင်းထွန်းနိုင် အပါအဝင် ရဲတပ်ဖွဲ့ဝင်(၁၀)ဦး၊ မအီမီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစောကျော်လင်း အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် (၄)ဦး တို့ဖြင့် သွားရောက်၍ မီးငြိမ်သတ်ခဲ့ရာ နံနက်(၆)နာရီ မိနစ်(၅၀) အချိန်ခန့်တွင် မီးညွှန့်ကျိုးကာ နံနက်(၉)နာရီ မိနစ်(၂၀) အချိန်ခန့်တွင် မီးငြိမ်သတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှရမ်းဗြဲသို့ ပြေးဆွဲနေ သော ယာဉ်အမှတ် 2Q/1807 EXPRESS (ဖြူ/ဒီကြား) ရဲအောင်လံယာဉ်အား ယာဉ်မောင်း ဦးမောင်မောင်နိုင်၊ (၃၄)နှစ် က ယာဉ်နောက်လိုက် ဦးသူရထွန်း၊ (၂၇) နှစ်နှင့် ယာဉ်ပေါ်တွင် ခရီးသည်(၇)ဦး တို့အား တင်ဆောင်မောင်းနှင်လာခဲ့ပြီး မအီစစ်ဆေးရေးဂိတ်တွင် သတင်းပို့ကာ ပြန်လည်ထွက်ခွာရာ ယာဉ်နောက်လိုက် ဦးသူရထွန်း က ခရီးသည်တင်ယာဉ်အား တစ်လှည့် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက် နံနက်(၆)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် ကား၏နောက်ပိုင်း အင်ဂျင်ခန်းမှ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်(၇)ဦး တို့မှာ ထိခိုက်ဒဏ်ရာရရှိမှု / သေဆုံးမှု မရှိ၊ ခရီးသည်များ၏ အဝတ်အထည်နှင့်ကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုး(၂၁)သိန်းခန့်နှင့် ယာဉ်ပျက်စီးဆုံးရှုံးမှုတန်ဖိုး(ခန့်မှန်း)သိန်း(၅၀၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်မှူး လ-၂၁၄၀၈၆ ဒုရဲအုပ် မျိုးဇင်ယု က တရားလိုပြုလုပ်လျက် ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် တို့၏ ပေါ့ဆမှုကြောင့် ခရီးသည်တင်ယာဉ်အား မီးလောင်ကျွမ်းခဲ့ကာ ယာဉ်နှင့်ကုန်ပစ္စည်းများ ကာလတန်ဖိုး(ခန့်မှန်း) (၅၂၁) သိန်းခန့် ပျက်စီးဆုံးရှုံးစေခဲ့သဖြင့် ယာဉ်မောင်း ဦးမောင်မောင်နိုင်နှင့် ယာဉ်နောက်လိုက် ဦးသူရထွန်း တို့အား ဥပဒေအရ အရေးယူပေးရန် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်း - မင်းသိန်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment