MNP ၊ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်အဖွဲ့က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော တောင်သူကြီးများအား ဂုဏ်ပြုဆုပေးပွဲကို ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်အဖွဲ့တို့က စိုက်ပျိုးရေးနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင်က တောင်သူကြီးများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မိုးစပါး၊ ဆောင်းနှမ်း၊ ဆောင်းမြေပဲ၊ ပဲစိမ်းငုံ၊ မိုးနှောင်းဝါ စိုက်ပျိုးခဲ့သော ကျေးရွာ (၇) ရွာမှ ပန်တိုင်အထွက်နှုန်းပြည့်မီကျော်လွန်သော တောင်သူ (၁၀) ဦးတို့အား တာဝန်ရှိသူများ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - စိုးဝေအောင်(ခင်ဦး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment