တနင်္သာရီမြို့နယ် သံဃနာယကအဖွဲ့(အဋ္ဌမ)အကြိမ် အနားယူစေခြင်း၊ ပြန်လည်အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ် သံဃနာယကအဖွဲ့(အဋ္ဌမ)အကြိမ် အနားယူစေခြင်း၊ ပြန်လည်အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

 


MNP - ဖေဖော်ဝါရီ     ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့-မြို့ ဦးပရိယတ္တိစာသင်တိုက်-သာသနဟိတဓမ္မာရုံ အတွင်း ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်သံဃနာယကအဖွဲ့ (အဋ္ဌမ) အကြိမ် အနားယူ စေခြင်း၊ ပြန်လည်အစားထိုး၍ ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး သံဃနာယက ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များဖြစ်ကြသည့် တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနာရဒ၊ မော်တောင်ကျောင်းတိုက် မြိတ်မြို့ (သဘာပတိဆရာတော်)၊ တိုင်းဒေသကြီး သံဃနာယက အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ အာလောက- ဃောသိတာရာမကျောင်းတိုက် ထားဝယ်မြို့(အဖွဲ့ဝင်)နှင့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝရ သင်္ကန်းမော်ကျောင်း-မြိတ်မြို့၊ တနင်္သာရီမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တဇောတိကနှင့် အကျိုးတော်ဆောင်/ အဖွဲ့ဝင်ဆရာတော် (၁၂)ပါး၊  တိုင်းဒေသကြီး သာသနာရေးဦးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၊ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ် (လဝက) ဦးစီးမှူး ဦးမြင့်ကြွယ် (မြို့နယ်သာသနာရေးမှူး တာဝန်ပူးတွဲ ထမ်းဆောင်) တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး အခမ်းအနားမှူး တိုင်းဒေသကြီး သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တအာလောကမှ မြို့နယ်သံဃာ့ဝန်ဆောင်

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသော ဆရာတော်/သံဃာတော်(၃၃)ပါးအနက် ကိုယ်တိုင် တက်ရောက်ဆန္ဒမဲပေးသည့် ဆရာတော်(၁၃) ပါး၊ စာဖြင့်ဆန္ဒမဲပေးသည့် ဆရာတော် (၁၄)ပါး၊ ပျက်ကွက်(၆)ပါးဖြစ်၍ အစည်း အဝေးတက်ရောက်မှု (၈၁.၈) ရာခိုင်နှုန်းရှိသဖြင့် အစည်းအဝေး အထမြောက်ကြောင်း ကြေညာသည်။

ယင်းနောက် သဘာပတိ တိုင်းဒေသကြီးသံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနာရဒမှ အစည်းအဝေး အဖွင့်သြဝါဒ ကထာမိန့်ကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပေးတော်မူသည်။

ထို့နောက် အခမ်းအနားမှူး ဆရာတော်မှ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော် (၇)ပါးအနက် အနားယူမည့် ဆရာတော်(၃)ပါး စာရင်းကို ကြေညာပေးပြီး ပြန်လည်ရွေးချယ် အစားထိုးရန် စာရင်းတင်သွင်းမည့် အဆိုတင်သွင်းသူနှင့် ထောက်ခံမည့် ဆရာတော်တို့က ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး တက်ရောက်လာသည့် ဆရာတော်များ၏ ဆန္ဒသဘောတူမှု အရ သဘာပတိဆရာတော်မှ အဆိုပြုဆရာတော် (၃)ပါးအား အတည်ပြုကြေညာပေးပြီး ၎င်းဆရာတော် (၃)ပါးအနက်မှ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ သဘောတူမှုဖြင့် သကျက်အုပ်စု သကျက်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တပညိဿရအား အကျိုးတော်ဆောင် (အတွင်းရေးမှူး) ဆရာတော်အဖြစ် ထပ်မံအတည်ပြု ကြေညာ ပေးတော်မူသည်။

ဆက်လက်၍ အသစ်ရွေးချယ်တာဝန်ပေးအပ်သည့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော် (၇)ပါး အမည်စာရင်းအား ဖတ်ကြားအတည်ပြု ကြေညာပေးကာ သဘာပတိဆရာတော်မှ နိဂုံးချုပ်သြဝါဒ ကထာမြွက်ကြားပြီး "ဗုဒ္ဓသာသနံ စိရံတိဌတု" (၃) ကြိမ်ရွတ်ဆို၍ အစည်း အဝေးပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

သတင်း - နန်းသာရီ-ထိန်ဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)