MNP - ဖေဖော်ဝါရီ ၁၃
ရန်ကုန်မြို့ သဒ္ဓမ္မမာနိတာရုံကျောင်းတိုက် ပဓာနနာယက မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက် နာယက (၄၇)ဘွဲ့ရ ဒွါဒသမ တိပိဋကဓရ ဓမ္မဘဏ္ဍာဝါရိယ(စစ်ကိုင်း တိပိဋက ဆရာတော်) ဘဒ္ဒန္တအဘိဇာတာဘိဝံသ သက်တော်(၅၄)နှစ် သိက္ခာတော်(၃၅)ဝါ ၏ သာဓုကိဠန အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီခွဲအချိန်က မုံရွာမြို့သဒ္ဓမ္မ ဇောတကသုဗောဓာရုံကျောင်းတိုက် တွင်ပထမပိုင်းအစီအစဉ်(၈)ခုဖြင့် လည်းကောင်း၊ ဆရာတော်၏ ရုပ်ကလပ်တော်အား အဂ္ဂိဈာပနပူဇာရန် ပြုလုပ်ထားရာနေရာ၌ ဒုတိယပိုင်း အစီအစဉ် (၇)ခုဖြင့်လည်းကောင်း စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပထမပိုင်းအခမ်းအနားတွင် တက်ရောက်လာသော ဆရာတော်သံဃာတော် အရှင် သူမြတ်များနှင့် သီလရှင်များ၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးနှင့် လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာတော်ကြီး၏ မယ်တော်ကြီးနှင့် ဆွေးမျိုး ရင်းချာများ၊ တပည့် သာဝက ရဟန်းရှင်လူပြည်သူအပေါင်းတို့က သဗ္ဗေသင်္ခါရာ အနိစ္စာ အစရှိသော သံဝေဂဂါထာ (၃)ဂါထာရွတ်ပွား၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏ တွဲဘက်ဦးစီးနာယက မတ္တရာမြို့ သာသန ဇောတာရုံ ကျောင်းတိုက် နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သံဃမဟာနာယက မတ္တရာဆရာတော်ဘုရားကြီးထံမှ သရဏဂုံ သီလခံယူဆောက်တည်ခြင်းနှင့် မဟာသုဗောဓာရုံ သာသနဝံသ သမုဠာပက အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်နိကာယ ပဌဥက္ကဋ္ဌ မဟာနယက ပါမောက္ခချုပ် ဆရာတော်ဘုကြီးထံမှ ပေးပို့သော သံဝေဇနိယနှင့် ဥယျောဇနကထာတို့ကို ဖတ်ကြားခြင်းတို့အပြင် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကထာ ဖတ်ကြားခြင်း၊ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ထံမှ ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခြင်းနှင့် ရွှေကျင်ဂိုဏ်း ဗဟိုဌာနမှ ပေးပို့သောသဝဏ်လွှာဖတ်ကြားခြင်း၊ မုံရွာမြို့နယ်လုံးဆိုင်ရာ ဝိနည်းပြန်ဌာန ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်းတို့ကို သံဃာတော အရှင်သူမြတ်များမှ ဖတ်ကြားမိန့်တော် မူခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပေးပို့သောသဝဏ်လွှာကို စစ်ကိုင်း တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန တိုင်းသာသနာရေးမှူး ဦးမျိုးဝင်းအောင်က လျှောက်တင် ဖတ်ကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော သံဃာတော်အရှင်သူမြတ်ကြီးများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးနှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အဖွဲ့က လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စစ်ကိုင်းတိပိဋကဆရာတော် ရေးသားသော သံဝေဂကထာနှင့် မန္တလေးမြို့ အဝေရာရာမ ရန်ကင်းကျောက်တိုက်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တဩဒါတသိရီ ဘိဝံသမထေရ်မြတ်ကြီး ထံမှ သံဝေဂကထာနှင့် ရေစက်ချတရားများ နာယူကြည်ညို အမျှတမ်းပေးဝေခဲ့ ကြပြီး အနိစ္စာ ဝတ သင်္ခါရာ(၃) ဂါထာတို့ဖြင့်ရွတ်ဖတ်ပွားများ၍ ပထမပိုင်းအခမ်းအနားကိုရုတ်သိမ်းလိုက်သည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့် တာဝန်ရှိသူများက ဒုတိယပိုင်းအခမ်းနားတွင် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား မီးပူဇော်ရန်အတွက် အဆိုပါ ကျောင်းတိုက်မှတဆင့် လောင်တိုက်အတွင်းသို့ အစီအစဉ်အတိုင်း ပင့်ဆောင်သယ်ယူခဲ့ကြပြီး အနိစ္စာဝတ သင်္ခါရာ(၃)ဂါထာရွတ်ဆို၍ အဂ္ဂိဈာပန အစီအစဉ်ကို ပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment