MNP - ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ မြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အနားယူ/ အစားထိုး ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ သဘာပတိ ဆရာတော်ဘဒ္ဒန္တဣဿရိယမှ အဖွင့်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး အခမ်းအနားမှူး ဆရာတော်ဘဒ္ဒန္တ ပညာစက္ကမှ မြို့နယ်သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ် ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းလျှောက်ထားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ရွေးချယ်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်း လျှောက်ထား တင်ပြခဲ့ သည်။
ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ အနားယူ/ရွေးချယ်ပွဲကို ဆန္ဒပေးပိုင်ခွင့်ရှိသူ ဆရာ တော်ကြီးများမှ အနားယူသွားသော ဆရာတော်ကြီး (၅)ပါးနေရာတွင် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းများနှင့် အညီ အစားထိုးရွေးချယ်၍ မြို့နယ်သံဃနာယက အဖွဲ့ကို ရွေးချယ် ဖွဲ့စည်းခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆရာတော် ဘဒ္ဒန္တပညာဝံသ (ပြည်လုံးချမ်းသာကျောင်းတိုက်)၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဆရာတော် ဘဒ္ဒန္တဥက္ကဌ (စိန်ကျောက်တောင်ကျောင်းတိုက်)၊ အကျိုးတော်ဆောင်အဖြစ် ဆရာတော် ဘဒ္ဒန္တခေမက (အောင်ဆုပန်ကျောင်းတိုက်)၊ တွဲဖက်အကျိုးတော်ဆောင်အဖြစ် ဆရာတော် ဘဒ္ဒန္တကေလာသ (မိုဃ်းကောင်းကျောင်းတိုက်)နှင့် အဖွဲ့ဝင်ဆရာတော် (၉)ပါး၊ စုစုပေါင်း ဆရာတော်ကြီး (၁၃)ပါး ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့သည်။
အဆိုပါ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲ အခမ်းအနားသို့ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပါအဝင် သံဃာပေါင်း (၇၄)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်သံဃနာယက ရွေးချယ်ပွဲအခမ်းအနား သို့ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်ခြင်း၊ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - မိုင်းထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment