“အကြိမ်(၅၀)ကြိမ်မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“အကြိမ်(၅၀)ကြိမ်မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ ဆက်လက်ကျင်းပ


MNP ၊ ဖေဖော်ဝါရီ   ၂၃

“အကြိမ်(၅၀)မြောက်ရွှေရတု အထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာနတွင် ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းတွင် တီဘီရောဂါနှင့် အသည်းရောင်အသားဝါဘီရောဂါဆိုင်ရာ သိကောင်းစရာများကို “ဆေးယဉ်ပါး တီဘီကုထုံး သစ်များနှင့် အသည်းရောင်အသားဝါ ဘီပိုးမျိုးကွဲများနှင့် မျိုးဗီဇပြောင်း လဲမှုများ (Myanmar-Korea Joint Symposium (2022): New insights to combat infectious diseases: BPaL DR-TB regimen and molecular approach to Hepatitis B)”ခေါင်းစဉ်ဖြင့်  နှီးနှောဖလှယ်ပွဲပြုလုပ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် သဘာပတိများအဖြစ် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာလှိုင်မြတ်သူနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Pusan National University မှ ပါမောက္ခ Jae Hun Cheong တို့က ဆောင်ရွက်ခဲ့ကြပြီး ကိုရီးယားသမ္မတနိုင်ငံ၊  International Tuberculosis Research Center မှ Chairman of the Board၊  Dr Sun  Dae Song က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံမှ Regional Technical Consultant, LIFT-TB Project for KNCV, Dr. Maria Imelda D Quelapio က BPaL ဆေးယဉ်ပါးတီဘီကုထုံးနှင့် LIFT–TB စီမံချက်ကို လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၊ Pusan National University မှ Prof. Jae Hun Cheong က အသည်းရောင် အသားဝါဘီပိုး၏ ဗီဇပြောင်းလဲမှုဆိုင်ရာ အရေးပါမှုများကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၊ Inje University College of Medicine မှ Prof. Jae Gook Shin က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်တွင် လူနာအခြေပြုတီဘီရောဂါကုသခြင်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား တီဘီတိုက်ဖျက် ရေးစီမံ ကိန်းမှ တီဘီအထူးကုဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံတွင် ကုသလျက်ရှိသော ဆေးယဉ်ပါး တီဘီကုထုံးသစ်များကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရီရီကျော်က မြန်မာနိုင်ငံတွင် တွေ့ရှိရသောအသည်းရောင်အသားဝါ ဘီပိုး၏ ဗီဇမျိုးကွဲ များနှင့် ၎င်းတို့၏ ရောဂါကုသမှုတွင် သက်ဆိုင်မှုများကိုလည်းကောင်း ဆွေးနွေးတင်ပြ အသိပညာ ဖလှယ်ခဲ့ကြရာ ဗီဒီယို ကွန်ဖရင့်စနစ် (Virtual)ဖြင့် တက်ရောက်လာသော ပါမောက္ခများနှင့် ဆေးပညာရှင်များက မေးမြန်း ဆွေးနွေးကြသည်။ 

ညနေပိုင်းအစီအစဉ်များတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချ သုတေသန စာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်း စုစုပေါင်း(၉)စောင်ကို ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်တင်ပြကြရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထင်လင်း၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ ဌာနမှူး၊ ပါမောက္ခဒေါက်တာမေပြုံးကျော်တို့က  သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြရာ ဗီဒီယို ကွန်ဖရင့် စနစ်တွင်ပါရှိသည့် သတ်မှတ်နေရာ (Chat Box) မှတစ်ဆင့် ဆွေးနွေးမေးမြန်း သူများကို စာတမ်းရှင်များက ပြန်လည်ဖြေကြားပေးသည်။

ညီလာခံ၏ အင်တာနက်စာမျက်နှာဖြစ်သည့် (https://conference.myanmardmr.org) တွင် သုတေသန ပိုစတာများကို အီလက်ထရောနစ် ပိုစတာ(E-poster)ပုံစံဖြင့် ပြသထားပြီး အဆိုပါ အင်တာနက် စာမျက်နှာတွင် ညီလာခံသို့ တက်ရောက်လိုသူများအနေဖြင့် အခမဲ့စာရင်းပေးသွင်းမှတ်ပုံတင်၍ ဝင်ရောက်ကြည့်ရှုနိုင် ကြောင်းနှင့် ညီလာခံကို ဖေဖော်ဝါရီ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)