MNP - ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက် ၅၀၈၊ မဟာမုနိ ဘုရားကြီး ပရဝုဏ်ရှိသာသနာ ၂၅၀၀ ဗိမ္မာန်တော်၌ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့၊ သြဝါစရိယ အနောက်ခင်မကန် တိုက်၊ တိုက်အုပ်မြကုန်းကျောင်း သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒာဓိပတိ၏ သက်တော် ၁၀၀ နှစ်ပြည့် ဝိဇာတမွေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မဟာမုနိဘုရားကြီးသြဝါဒဆရာတော်ကြီး များ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မဟာမုနိဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းနှင့်အဖွဲ့၊ မဟာမုနိ ဘုရားကြီး ဝေယျာဝစ္စအဖွဲ့ဝင်များ၊ တပည့်ဒါယိကာ/ ဒါယိကာမများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများဖြင့် ဆရာတော်ကြီးအား ဆက်ကပ်လှူဒါန်းခြင်း၊ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့မှဝတ္ထု ငွေသိန်း ၅၀ ကျပ် ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ရာ လှူဒါန်းမှု အစုစုအတွက် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ကြီးဘဒ္ဒန္တကုမာရမှ ရေစက်ချတရား ဟောကြားခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား နေ့လယ်စာထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
သတင်း - ခင်စိမ်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment