MNP - ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံပြီးစီးသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့နယ် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့်သူများအား ကိုယ် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေသည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်း ၇၅ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၄၀၄ ဦး စုစုပေါင်း ၁၄၇၉ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment