MNP - မတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၃)ပတ် (အောက်တိုဘာလမှ ဒီဇင်ဘာလအထိ) ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်း အစီအစဉ်( MCCT) အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သန်းက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအားနိုင်ငံတော်က ထောက်ပံ့ကြေးပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားရာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ သေဆုံးမှု လျော့ချနိုင်စေရန်၊ မိခင်နှင့် ကလေးကျန်းမာသန်စွမ်းစေရန်၊ မွေးဖွားလာသည့် ကလေးငယ်များအတွက် အာဟာရပြည့်ဝ၍ ဉာဏ်ရည် ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်တွင် ကျန်းမာသန်စွမ်းသော ကလေးငယ်များ တိုးတက်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၈)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်(၆၇၅)ဦးအတွက် ငွေကျပ် (၂၈၈၀၀၀၀၀)နှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၄၃၂) ဦးအတွက် ငွေကျပ် (၁၉၄၄၀၀၀၀)ကျပ် စုစုပေါင်းအကျိုးခံစားခွင့်ရှိသူ (၁၁၀၇)ဦးအတွက် ငွေကျပ် (၄၈၂၄၀၀၀၀) အား ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မတ်လ(၁၀)ရက်နေ့မှ (၂၂)ရက်နေ့ထိ (၃)ကြိမ်ခွဲ၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - စောဥမ္မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment