MNP - မတ် ၁၃
ကော့သောင်းခရိုင်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူးဖွင့်လှစ်ပို့ချမည့် ရှေ့ဦးပြုစုခြင်း အခြေခံ သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသက ပြည်သူ့ခန်းမတွင် ကျင်းပြုလုပ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုကြီးက သင်တန်းဖွင့်လှစ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်းတွင် ကြက်ခြေနီတပ်ဖွဲ့များ ဆောင်ရွက်ရမည့် ရှေ့ဦး ပြုစုနည်း အခြေခံသဘောတရားများနှင့် ဝတ္တရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာရခြင်းနှင့် သွေးယိုစီးခြင်းကို ကာကွယ်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါနှင့် ပိုးမွှားများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားဒဏ်ရာရမှုကို ပြုစုခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းနည်း၊ သတိလစ်မေ့မျောမှုကိုပြုစုနည်း၊ ဆို့နင်ခြင်းကို ပြုစုနည်း စသည့်ဘာသာရပ်များကို သင်တန်းနည်းပြ(၇)ဦးက စာတွေ့လက်တွေ့များဖြင့် သင်တန်းကာလ သုံးရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ကော့သောင်းမြို့နယ်အတွင်းရှိ ပါချန်မြစ်ဖျားဒေသ ဝေးလံခေါင်ဖျားကျေးလက်တောရွာများဖြစ်သည့် လုံးဖေါ၊ အေးချမ်းသာ၊ မာရမ်း၊ ဖေါသုတ်၊ ဆိပ်ဖူးနှင့် အောင်ချမ်းသာ ကျေးရွာ(၆)ရွာမှ စေတနာဝန်ထမ်းလူငယ်လူရွယ်(၃၆)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment