MNP - မတ် ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် သတင်းမီဒီယာ သင်တန်းကျောင်း ပရဟိတအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက နန့်ပုတ်ကျေးရွာရှိ သတင်း မီဒီယာသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ချိုချိုသန်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မိသားစုအတွက် တစ်ပိုင်တစ်နိုင်စားသောက်ကုန်များ ထုတ်လုပ်နိုင်ပြီး ထိုမှတစ်ဆင့် Supermarket ဈေးကွက်များတွင် ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် မိသားစုဝင်ငွေများတိုးပွားလာစေခြင်းနှင့် မိုးညှင်းဒေသမှထွက်ရှိသည့် သီးနှံထွက်ကုန်ပစ္စည်းများ အပေါ်မူတည်၍ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး သတင်းမီဒီယာသင်တန်းကျောင်း ပရဟိတအဖွဲ့မှ ဦးသန်းထွန်းအောင်က အဆိုပါ သင်တန်းဖွင့်လှစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများ အားလုံးကိုယ်စား သင်တန်းသူတစ်ဦးက အဆိုပါ သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
၎င်းသင်တန်းတွင် ငှက်ပျောခြောက်ကြော်၊ ငှက်ပျောဝိုင်၊ ဇီးဖျော်ရည်၊ သင်္ဘောသီးယို(ချဉ်/စပ်)၊ ကြက်ဥမြေပဲပွကြော်၊ အာလူးကြော်၊ ပေါက်စီ၊ မြေပဲယိုနှင့် ခရမ်းချဉ်သီးယိုစသည့် စားသောက်ကုန် (၁၀)မျိုးတို့ကို စာတွေ့ဖြင့်လည်းကောင်း၊ လက်တွေ့ဖြင့်လည်းကောင်း သင်ကြားပို့ချ ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကာလတိုသင်တန်းအနေဖြင့် (၅)ရက်တာကာလ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူ စုစုပေါင်း(၃၅)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲသူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment