ရွှေတိဂုံစေတီတော် ၂၆၁၀ ပြည့်နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် ၂၆၁၀ ပြည့်နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချ အခမ်းအနားကျင်းပ








MNP ၊ မတ် ၁၆

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၁၀ ပြည့်နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ပါဠိပါရဂူ၊ တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ယောဆရာတော်ထံမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော် များ ရွတ်ဖတ်ပူဇော်သော ပရိတ်တရားတော်များ နာကြားကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အလှည့်ကျ သဘာပတိဂေါပက အဖွဲ့ဝင် ဦးဘိုသင်းက ဗုဒ္ဓပူဇနိယ မင်္ဂလာ အနုမောဒနာအား လျောက်ထားသည်။

ထို့နောက် ဩဝါဒါဆရာတော်ကြီးများနှင့် သံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ပါဠိပါရဂူ ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ရေ စက်ချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။

ထို့နောက် စေတီတော်ရင်ပြင် ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော် ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင် များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

နံနက်၅နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူ ဆက်ကပ်လှူဒါန်း ပွဲကို  ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုဒ်ရှိ ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ ဘာသာရေး အသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက ဆွမ်းတော်တင်လှူ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ယနေ့ တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီးဘုရားများနှင့် အနယ်နယ်အရပ်ရပ်ရှိ  စေတီတော်များတွင် ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိ ကြောင်း သိရသည်။


သတင်း-ဓါတ်ပုံ-ကိုကိုဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)