စစ်တွေမြို့နယ်၌ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စံပြစိုက်ခင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့နယ်၌ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စံပြစိုက်ခင်းပြသ


MNP - မတ်     ၃

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စံပြစိုက်ခင်း ပြသခြင်းကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့နယ်၊ ဥယျာဉ်သာကျေးရွာအုပ်စု၊ တောင်သူပညာပေး မျိုးသန့်ခြံ၌ ပြုလုပ်သည်။

စံပြစိုက်ခင်းများ၊ မျိုးစေ့ထုတ်စိုက်ခင်းများ၊ သီးနှံအလိုက် ပညာပေးစံပြကွက်များ ပြသရာတွင် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် သီးနှံ တာဝန်ခံဝန်ထမ်းများက စံပြကွက်များတွင် စိုက်ပျိုးထားသော သီးနှံများအား စိုက်ပျိုးမှု၊ မျိုးစေ့ထုတ်ယူနိုင်မှု၊ မျိုးစေ့ထုတ်လုပ်ပုံအဆင့်အဆင့်၊ မျိုးစေ့များအား သိုလှောင်ထားရှိရမည့် လုပ်ငန်းစဉ်များကို သီးနှံအလိုက်၊ စိုက်ကွင်းများသို့ လိုက်လံရှင်းလင်းပြသကြသည်။

ထိုသို့ပြသစဉ် တက်ရောက်လာသော တောင်သူများက မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်ကြရာ ပြည်နယ် ဦးစီးမှူးနှင့် သီးနှံတာဝန်ခံ ဝန်ထမ်းများက တောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည် ဖြေကြားကြသည်။

သီးနှံအလိုက်ပညာပေး စံပြကွက်များအား တောင်သူများလေ့လာနိုင်ရန်အတွက် ပြသခြင်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က “ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ  ဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိကစိုက်ပျိုး ဆောင်ရွက်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်၊ ဒါကြောင့် ရခိုင်ပြည်နယ်က တောင်သူဦးကြီးတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးတက်ထွန်းကားဖို့ရန် အတွက်၊ နောက်ပြီးတောင်သူလယ်သမားတွေ ဝင်ငွေတိုးတက်ဖို့အတွက် တောင်သူလယ်သမားတွေ လူမှုစီးပွားဘဝမြင့်မားဖို့အတွက် ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ သီးနှံတွေ အလားအလာရှိတဲ့ သီးနှံတွေကို ပညာပေးစံပြကွက်အဖြစ် စိုက်ပျိုးဆောင်ရွက်ထားတာ ဖြစ်ပါတယ်၊ ဒီစံပြကွက်တွေကို တောင်သူလယ်သမားနေ့မှာ အမှတ်တရအနေ့နဲ့ တောင်သူတွေလေ့လာနိုင်အောင် ပြသတာ ဖြစ်ပါတယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွေနဲ့ ဆက်စပ်တဲ့ပြည်နယ်ဖြစ်ပါတယ်၊ ဒါကြောင့် ဒီနိုင်ငံတွေရဲ့ ဈေးကွက်မှာ အလားအလာရှိတဲ့ သီးနှံတွေကို စံပြစိုက်ကွက်မှာ စိုက်ပျိုးပြသထားတာဖြစ်ပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ စားသုံးဆီဖူလုံမှုဟာ ၄၄ ရာခိုင်နှုန်းကျော်သာရှိတဲ့အတွက် စားသုံးဆီဖူလုံဖို့ရန်အတွက် ဆီထွက်သီးနှံ တွေကိုလည်း စိုက်ပျိုးထားပါတယ်၊ ဒီသီးနှံတွေကို တောင်သူတွေ လေ့လာနိုင်အောင် ပြသပေးခြင်းဖြစ်ပါတယ်” ဟုပြောကြားသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ပညာပေးစံပြကွက်များတွင် စိုက်ပျိုးအောင်မြင် နေမှုများအား ပြည်နယ်အတွင်းမှ တောင်သူများကို ဖိတ်ကြားပြီး ကွင်းသရုပ်ပြပွဲများကို စဉ်ဆက် မပြတ်ပြသလျက်ရှိသည်။

တောင်သူများအနေဖြင့်လည်း ထိုသို့သရုပ်ပြပွဲများအား ကြည့်ရှုလေ့လာ ခြင်းအားဖြင့် မိမိတို့ဒေသတွင် ယခုကဲ့သို့သီးနှံများကို စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနိုင်သည်ကိုသိရှိပြီး မိမိဒေသ၊ မိမိတို့ကျေးရွာတွင် ပြန်လည်စိုက်ပျိုးခြင်းအားဖြင့် တောင်သူများ၏ ဝင်ငွေတိုးကာ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း ဦးထွန်းမြင့်က ပြောကြားသည်။

စစ်တွေမြို့နယ် မျိုးသန့်ခြံ၌ ပြုလုပ်သော စံပြစိုက်ခင်းများ၊ မျိုးစေ့ထုတ်စိုက်ခင်းများပြသပွဲသို့ စစ်တွေမြို့နယ်မှ တောင်သူများ လာရောက် လေ့လာခဲ့ကြပြီး မျိုးသန့်ခြံတွင် သီးထပ်သီးနှံအဖြစ် စားတော်ပဲ၊ ကုလားပဲ၊ ပဲရာဇာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ဆီမုံညှင်း၊ ဆူးပန်း၊ ပန်းနှမ်း၊ အာလူး၊  ကြက်သွန်နီ၊ ကြက်သွန်နီမျိုးစေ့ထုတ် စိုက်ခင်းနှင့် ပိုက်ဆံလျှော်တို့ကို စံပြစိုက်ခင်း အဖြစ်စိုက် ပျိုးထားကြောင်း သိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)