ကိုလံဘို ၊ မတ် ၆
သီရိလင်္ကာနိုင်ငံ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ဖြင့် မှတ်ပုံတင်ထားသည့် ဒီဇယ်မော်တော်ယာဉ်များအား နိုင်ငံပိုင်ဘတ်စ်ကားဝင်းများ၌ လောင်စာဆီအား ဦးစားပေးအသုံးပြုခွင့်ပေးသွားမည် ဖြစ်ကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မတ် ၆ ရက်တွင် ကြေညာခဲ့သည်။
ယင်းအစီအစဉ်အတွက် အခွင့်ရှိသော မော်တော်ယာဉ်များအား အထောက်အထားစတစ်ကာ တစ်ခု ပေးသွားမည်ဟု ဒေသတွင်းမီဒီယာတွင် ဖော်ပြထားသည်။
လောင်စာဆီပြတ်လပ်မှုကြောင့် နိုင်ငံတစ်ဝှမ်း ခရီးသွားသယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အများအပြား သောင်တင်နေကြကြောင်း ဖော်ပြချက်များ ထွက်ပေါ်ပြီးနောက် ဘဏ္ဍာရေးဝန်ကြီး Basil Rajapaksa က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ခရီးသွားလုပ်ငန်း နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သော အစည်းအဝေးတစ်ခု၌ အဆိုပါ အစီအစဥ်ကို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူများအနေဖြင့် သောင်တင်နေသည့်ခရီးသွားမော်တော်ယာဉ်များအား အကူအညီများပေးအပ်ရန် နှင့် ခရီးသွားများ တည်းခိုနေထိုင်သည့် ဟိုတယ်များအား လျှပ်စစ်မီးစက်များ အသုံးပြုရန် ဒီဇယ်ဆီရယူရေး ကူညီရန် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံ၌ ဖေဖော်ဝါရီလမှစတင်ကာ လောင်စာဆီ ပြတ်လပ်မှု နှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အဆိုးရွားဆုံးထိခိုက်သည့် ကဏ္ဍများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment