MNP - မတ် ၂၃
မုန်တိုင်းငယ် (Deep Depression) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့် သတ်မှတ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မုန်တိုင်းအန္တရာယ် သိရှိရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီက မအူပင်မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ဦးဆောင်မှုဖြင့် ခရိုင်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာများမှ ဈေးဝယ်လာရောက်သည့် မော်တော်များ၊ စက်လှေများအား အန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေးပြီး မြို့ပေါ် ရပ်ကွက်/ကျေးရွာများအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မအူပင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သော ပြည်သူများ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဧရာဝတီမြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် ရေလယ်သောင်ပြင်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်း စေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦးများတွင် အရေးကြီး စာရွက်စာတမ်း များ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် ကြိုတင်သိမ်းဆည်းထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲ၊ နွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန် အသိပေး နှိုးဆော်ထားကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
မြန်မာနေရှင်နယ်ပိုစ့်

No comments:
Post a Comment