တရုတ်နိုင်ငံ၏ စွမ်းအင်သစ် ထုတ်ကုန်ပစ္စည်း တင်ပို့ရေးက မြန်မာနိုင်ငံ၏ ကာဗွန်လျှော့ချ ခရီးသွားလာရေးအတွက် အထောက်အကူဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ၏ စွမ်းအင်သစ် ထုတ်ကုန်ပစ္စည်း တင်ပို့ရေးက မြန်မာနိုင်ငံ၏ ကာဗွန်လျှော့ချ ခရီးသွားလာရေးအတွက် အထောက်အကူဖြစ်



ရန်ကုန်၊ မတ် ၁၂ 

ယခုနှစ်ပိုင်းများတွင် ကာဗွန်လျော့နည်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွေးအမြင်များ ကျယ်ပြန့်လာခြင်းနှင့်အတူ အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင်လည်း စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်ရောင်းချမှုများ အစပျိုးလာပြီဖြစ်သည်။ မြန်မာနိုင်ငံ၌ အစောဆုံး စွမ်းအင်သစ်မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Khaing Khaing Sangda Motorcar သည် ၎င်း၏ ပထမမျိုးဆက် လျှပ်စစ်သီးသန့်သုံး စွမ်းအင်သစ် မော်တော်ယာဉ်များကို ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ဈေးကွက်တင်ရောင်းချခဲ့ရာ လူအများစိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။ 

ယခုနှစ် မတ် ၁ ရက်တွင် Khaing Khaing Sangda Motorcarကုမ္ပဏီက ၎င်းထုတ်လုပ်သည့် ဒုတိယမျိုးဆက် HEV အားဖြည့် စွမ်းအင်သစ် လျှပ်စစ်မော်တော်ယာဉ် ဈေးကွက်စတင်ခဲ့ပြီး အများ၏အာရုံစိုက်မှုတဖန်ဖြစ်စေခဲ့ရာ တစ်ပတ်အတွင်း ကား ၁၀ စီးကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ယွီကျန့်ချန်က “စွမ်းအင်သစ် မော်တော်ယာဉ်တည်ဆောက်တဲ့ ယာဉ်အစိတ်အပိုင်းအားလုံးကို တရုတ်နိုင်ငံက တင်သွင်းတာပါ။ ဒီယာဉ်အမျိုးအစား ထုတ်လုပ်ရတဲ့ မူရင်းရည်ရွယ်ချက် မြန်မာနိုင်ငံရဲ့ အစိမ်းရောင် ကာဗွန်လျော့နည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဆိုပြုချက်ကို ဖြည့်တင်းဖို့ပါပဲ”ဟု ဆိုသည်။ 

စွမ်းအင်သစ် မော်တော်ယာဉ်အစိတ်အပိုင်းများကို တင်သွင်းရာတွင် တရုတ်နိုင်ငံ အစိုးရ၏ ကူညီပံ့ပိုးမှုကို ရရှိကြောင်း၊ စွမ်းအင်သစ် မော်တော်ယာဉ် အစိတ်အပိုင်း ပို့ကုန်အခွန် ပြန်အမ်းခြင်း မူဝါဒအရ အခွန်သက်သာကင်းလွတ်ခွင့်ရခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကိုဗစ်ကာလ အကူအညီအနေဖြင့် မြန်မာနိုင်ငံရှိပြည်သူများအတွက် အမြတ်အစွန်းအဓိကမထားပဲ ထုတ်ကုန်သစ်ကို အရင်းဈေးနီးပါး ရောင်းချရန် ဆုံးဖြတ်ပြီး တစ်စီးကို မြန်မာကျပ်ငွေ သိန်း ၁၁၀ ကျော်၊ တရုတ်ယွမ်ငွေအားဖြင့်ဆိုလျှင် ၃ သောင်းကျော်ဖြင့် ရောင်းချရန် သတ်မှတ်ခဲ့ကြောင်း ယွီကျန့်ချန်က ဆိုသည်။ 

ယွီကျန့်ချန်သည် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး Khaing Khaing Sangda Motorcar က တရုတ်-မြန်မာ ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်ရာ ၂၀၀၆ ခုနှစ်တွင် လောင်စာဆီအသုံးပြု ကားကို ပထမဆုံး တစ်စီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၉ ခုနှစ်ရောက်မှသာ စွမ်းအင်သစ် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တပ်ဆင်ထုတ်လုပ်ရာ တစ်ချိန်တည်းတွင်ပင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ 

ယွီကျန့်ချန်က “၂၀၂၀ ခုနှစ်မှာ ကျွန်တော်တို့ ထုတ်လုပ်တဲ့ ပထမမျိုးဆက် လျှပ်စစ်သီးသန့်သုံး မော်တော်ယာဉ် အစီး ၁၀၀ ရှိတယ်၊ အစီး ၂၀ ရောင်းထွက်တယ်၊ ဒါပေမဲ့ နယ်မြေဒေသနဲ့ မကိုက်ညီတဲ့အခြေအနေတွေ ဖြစ်လာတာကို မကြာမီ ကျွန်တော်တို့ တွေ့ရတယ်”ဟု ဆိုသည်။ 

ပထမမျိုးဆက် စွမ်းအင်သစ်မော်တော်ယာဉ်က လျှပ်စစ်သီးသန့်သုံးတာဖြစ်ပြီး ပထမအချက်က မောင်းနှင်ရာတွင် အရှိန်နှေးကွေးခြင်း၊ ဒုတိယအချက်က မြန်မာနိုင်ငံ၏ရာသီဥတုပူပြင်းရာ မကြာခဏ အဲကွန်းဖွင့်ရန်လိုအပ်ခြင်းကြောင့် လျှပ်စစ်ကားမှာ သတ်မှတ် မိုင်ခရီးအကွာအဝေးကို ရောက်ရှိရန် အခက်အခဲများစွာ ရှိခဲ့ကြောင်း ၊ ထို့အပြင် မြန်မာနိုင်ငံတွင် လျှပ်စစ်အားသွင်း သီးသန့်နေရာမရှိခြင်းကြောင့် လျှပ်စစ်ကားမှာ လမ်းတစ်ဝက်၌ပင် အားကုန်ပြီး  ကားခေါ်ဆွဲပြန်ရသည့်အဖြစ်မျိုး ရှိခဲ့ကြောင်း ၊ “ဒီပြဿနာတွေကို တွေ့ရှိလိုက်တာနဲ့ပဲ ကျွန်တော်တို့ ချက်ချင်း အရောင်းရပ်လိုက်တယ်”ဟု ယွီကျန့်ချန်က ဆိုသည်။ 

ပထမမျိုးဆက် ကားအရောင်းရပ်လိုက်ပြီးနောက်ပိုင်း တရုတ်အင်ဂျင်နီယာများကို စက်ရုံသို့ ဖိတ်ခေါ်၍ မြန်မာနိုင်ငံဈေးကွက်နှင့်သင့်လျော်မည့် စွမ်းအင်သစ်မော်တော်ယာဉ် သုတေသန ပြုလုပ်ခဲ့သည်။ သုတေသနပြု စိစစ်မှုများ မပြတ်လုပ်ဆောင်ပြီးနောက် HEV အားဖြည့်စွမ်းအင်သစ် လျှပ်စစ်မော်တော်ယာဉ်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ၊ အချိန်အပိုင်းအခြားတစ်ခုထိ စစ်ဆေးစမ်းသပ်ပြီး သက်ဆိုင်ရာခွင့်ပြုချက်များ ရရှိပြီးမှသာ မတ် ၁ ရက်တွင် ဈေးကွက်တင် စတင်ရောင်းချခဲ့ကြောင်း ယွီကျန့်ချန်က ပြောခဲ့သည်။

ဒုတိယမျိုးဆက်အဖြစ် ထုတ်လုပ်ထားသည့် မော်တော်ယာဉ်သည် ဓါတ်ဆီနှင့်လျှပ်စစ်နှစ်မျိုးသုံး hybrid electric vehicles ဖြစ်ပြီး ယာဉ်၌ပါရှိသည့် လီသီယမ်ဘက်ထရီ(Lithium Battery)က အိမ်သုံးလျှပ်စစ် ၂၂၀ ဗို့အားဖြင့် အားသွင်း၍ရကြောင်း၊ ၆ နာရီအားသွင်းထားမည်ဆိုပါက ကီလိုမီတာ ၈၀ မောင်းနှင်နိုင်ရာ၊ ဘက်ထရီအားကုန်သွားပါက ကားအတွင်းရှိ လောင်စာဆီသုံးမီးစက်က အလိုအလျောက် အားဖြည့်သွင်းပေးနိုင်သည့်ပုံစံပြောင်းသွားမည်ဖြစ်ကြောင်း၊ သာမန်ကားများနှင့်နှိုင်းယှဉ်လျှင် ဆီစားသက်သာပြီး ကာဗွန်အလွန်လျော့နည်းခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက်လည်း အလွန်အကျိုးရှိကြောင်း ယွီကျန့်ချန်က မိတ်ဆက်ပြောပြသည်။ ဒုတိယမျိုးဆက် ဈေးကွက်တင်လိုက်တာနှင့် ပထမမျိုးဆက်ကား ဝယ်ထားသူအချို့က ကားသစ်လာလဲကြကြောင်း ၎င်းက ဆိုသည်။ 

“ဒုတိယမျိုးဆက် စွမ်းအင်သစ်မော်တော်ယာဉ် ပထမအသုတ်ကို အစီး ၁၀၀ ထုတ်လုပ်ထားတယ်၊ ကျွန်တော်တို့ ဈေးကွက်တုန့်ပြန်မှုအခြေအနေအရ ညှိနှိုင်းပြုပြင်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ယွီကျ့န်ချန်က ပြောသည်။ ၎င်းတို့အနေဖြင့် စွမ်းအင်သစ်မော်တော်ယာဉ် အစီး ၂,၀၀၀ ထုတ်လုပ်ခွင့် ရထားကြောင်းနှင့် ဈေးကွက်တုန့်ပြန်မှုကောင်းမွန်ပါက ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ယခုလပိုင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ချို့ယွင်းလိုအပ်မှုအခြေအနေ ဆိုးဝါးလျက်ရှိရာ နေရာအများအပြားတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ “နောက်ပိုင်း လျှပ်စစ်ကားမှာ အိမ်သုံးလျှပ်စစ် ပံ့ပိုးနိုင်အောင် ထပ်မံဖြည့်တင်းနိုင်ချေရှိပါတယ်”ဟု ယွီကျန့်ချန်က ပြောသည်။ 

စွမ်းအင်သစ်ကား ဝယ်ယူနေသူ ကိုသန်းအောင်က ဆီဈေးတက်ခြင်း၊ သွားလာစရိတ်တိုးလာခြင်းကြောင့် ကုန်ကျစရိတ်နည်းသည့် စွမ်းအင်သစ်မော်တော်ယာဉ်ကို ဝယ်ယူရန် ရွေးချယ်ရခြင်း ဖြစ်ကြောင်း ဆိုသည်။ 

စွမ်းအင်သစ် လျှပ်စစ်ကားက မြို့တွင်းအသုံးပြုမည်ဆိုလျှင် ဆီဖိုးသက်သာပြီး အင်ဂျင်အသံငြိမ်ကာ အသုံးပြုရာတွင် မီးခိုးမထွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာရောက်ကြောင်း အခြား စွမ်းအင်သစ် ကားအသုံးပြုသူ နောက်တစ်ဦး ဖြစ်သည့် ကိုသော်တာဦးက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ကာဗွန်လျော့နည်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများကို အလေးထားလာသည်နှင့်အမျှ စွမ်းအင်သစ် မော်တော်ယာဉ်များမှာ အနာဂတ်တွင် အလားအလာ ပိုမိုကောင်းလာနိုင်သည်ဟု ယွီကျန့်ချန်က ယူဆသည်။ ထိုကြောင့်လည်း ယွီကျန့်ချန်၏ ကုမ္ပဏီက စွမ်းအင်သစ် မော်တော်ယာဉ်ထုတ်လုပ်ရေးစင်တာ တည်ထောင်ကာ ခွင့်ပြုချက်ရယူပြီး စက်ရုံတည်ဆောက်ရန် နေရာရွေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 

Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)