MNP - မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်း သံဃာများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) ဆေးများအား ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်၍ သတ္တမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ကွင်းချောင်းကျေးရွာအုပ်စု၊ သူကြီးကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကွင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်အေးအေးမွန်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်း လုပ်ငန်း များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် လိုအပ်သည်များကို ကွင်းချောင်းကျေးရွာ ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျှက်ရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်ရောဂါကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် (CoviShield) ဆေးအမျိုး အစားဖြစ်ပြီး ဆေး(၁) လုံးလျှင် လူဦးရေ(၁၁)ဦး ထိုးနှံပေးရပြီး ဆေး(၅၃)လုံးကို အသက် (၁၈)နှစ်နှင့်အထက် ကျေးလက်နေပြည်သူ စုစုပေါင်း လူဦးရေ (၅၈၃) ဦးအား သတ္တမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်း ဆေးထိုးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရရှိသည်နှင့် တစ်ပြိုင်တည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။
သတင်း - နုနုအေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment