MNP ၊ မတ် ၁၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဥပဒေရေးရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဥပဒေပညာရပ်သည် မိမိအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိ သည့် ပညာရပ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအရေးကိစ္စများ ဆောင်ရွက်ရာတွင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ကြစေ လိုပါကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းပြည်တိုးတက်ရေးကိစ္စရပ်များကို ဝိုင်းဝန်း လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများသည် တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည် ဆက်ဆံကြပြီး အပြန်အလှန် ရိုင်းပင်းကူညီကြမှသာ တိုင်းပြည်အေးချမ်းမည်ဖြစ်ပါကြောင်း၊ တိုင်းပြည် အေးချမ်းမှသာ ငြိမ်းချမ်းရေးသည်လည်း ဖြစ်ထွန်းအောင်မြင်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသားများအရေးကို လုပ်ကိုင်ဆောင် ရွက်နေကြသော စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တိုင်းရင်းသားများသည် ဥပဒေ၊ နည်းဥပဒေများကို ကျေကျေညက်ညက် သိရှိထားရန် လိုအပ်သကဲ့သို့ ဆက်စပ် ဥပဒေများကိုလည်း နားလည်သိရှိထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားအရေးကို ပိုမိုလွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများနှင့် တာဝန်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို လည်းကောင်း၊ ဥပဒေပါ တားမြစ်ချက်နှင့် ပြစ်ဒဏ်များကို သိရှိပြီး လိုက်နာရန်နှင့် သတိပြုရန် အချက်များကိုလည်းကောင်း၊ တိုင်းရင်းသားများ အချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးစုအတွင်း အငြင်းပွားမှုများနှင့်ပတ်သက်၍ တင်ပြဆောင်ရွက်ရမည့် နည်းလမ်းတို့ကိုလည်းကောင်း ရှင်းလင်း ဆွေးနွေး ဟောပြောပိုချသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး အစိုးရရိပ်သာ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်” အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်းသည် တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် အရေးကြီးသဖြင့် တိုင်းရင်းသား များအားလုံး ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများက တိုင်းရင်းသားရေးရာ ကိစ္စများကို ဆွေးနွေးတင်ပြပြီး မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေး၊ တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအား ကြီးကြပ်ကူညီထောက်ပံ့နိုင်သည့် ပညာရေး အရာရှိများ ခန့်ထားပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဘာသာရေး ခေါင်းဆောင်များနှင့် အဖွဲ့အစည်းမှ တာဝန်ရှိသူများကို ကရင်အမျိုးသား သမိုင်းကြောင်း စာအုပ်နှင့် အင်္ဂလိပ်-စကောကရင်-အနောက်ပိုးကရင်-မြန်မာ ပူးတွဲ အဘိဓာန်စာအုပ်များကို ပေးအပ်ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment