ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်

 




MNP - မတ်  ၂၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျ ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဒေသကွပ်မှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမရှေ့၌ လူငယ်များ၊ အသိပညာဗဟုသုတ တိုးပွားနိုင်ရန်နှင့် စာအုပ်စာပေများ၊ လေ့လာဖတ်ရှုနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာပေများခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သားတို့သမီးတို့အနေဖြင့် ယခုနှစ်စာသင်နှစ်၏ စာမေးပွဲလည်း ပြီးမြောက်ခဲ့ပြီ ဖြစ်သည့်အတွက် နွေရာသီကျောင်းပိတ်ရက်ကာလက ဆီးကြိုနေပြီဖြစ်သည့်အတွက် နွေရာသီ ကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ လူ့လောကတွင် စာတတ်ရန်၊ ပညာတတ်ရန်လိုကြောင်း၊ ပညာမရှိသည့်သူနှင့် ပညာရှိသည့်သူ၊ ပညာနည်းသည့်သူနှင့် ဉာဏ်ပညာကြီးမားသည့်သူများ၏ ဘဝအောင်မြင်မှုများသည် မတူနိုင်ကြောင်း၊ ထိုနေရာတွင် စာတတ်ခြင်းနှင့် ပညာတတ်ခြင်းသည် မတူကြောင်း၊ စာတတ်သည်ဆိုသည်မှာ အတန်းအောင်ခြင်း၊ ဘွဲ့များရခြင်း၊ ကျောင်းများပြီးဆုံးသွားခြင်းဖြစ်ရာ ထိုကိစ္စများသည်လည်း ဘဝအတွက် အရေးကြီး ကြောင်း၊ စာတတ်ခြင်း၊ ဘွဲ့များရနေခြင်းကြောင့် ဘဝနေထိုင်ရေးတွင် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ သို့သော်လည်း လူ့ဘဝတွင် စာတတ်ခြင်း၊ အတန်းအောင်နေခြင်း၊ ဘွဲ့ရနေခြင်းဖြင့် အလုံးစုံပြည့်စုံ နေပြီဟု မဆိုင်နိုင်ပါကြောင်း၊ အတတ်ပညာသည်လည်းလိုကြောင်း၊ ဘဝတလျှောက်လုံးတွင် ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည် အဆင်ပြေပြေနေနိုင်ရန် အသိပညာ၊ ဗဟုသုတများ ပြည့်ဝရန် လိုပါကြောင်း၊ အကျင့်စာရိတ္တကောင်းရန်၊ လူမှုကျင့်ဝတ်များနှင့်အညီ နေထိုင်နိုင်ရန်၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရာတွင် အဆင်ပြေစေရန် အသိပညာဗဟုသုတများလိုပါကြောင်း၊ ကျင့်ကြံရမည့် အချက်များ များစွာရှိပါကြောင်း၊ စဉ်းစားတွေးခေါ် ဆင်ခြင်တတ်ရန်၊ အမှားအမှန်ခွဲခြား သိမြင်တတ်ရန်၊ လုပ်သင့် လုပ်ထိုက်သည်များကိုလုပ်ပြီး မလုပ်သင့်သည်များကို မလုပ်ရန်၊ ဆောင်ရန်၊ ရှောင်ရန်စသည့် ကိစ္စများကို ဦးနှောက်နှင့်စဉ်းစား၊ ဉာဏ်ပညာနှင့်ချင့်ချိန် ဆုံးဖြတ်နိုင်ရန်အရေးကြီးကြောင်းစသည်ဖြင့် အသိပညာပေးဟောပြောသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းအားရှင်းလင်းပြောကြားပြီး ပညာရေးဝန်ကြီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ စာရေးဆရာ(သားလှရသေ့တောင်)က စိတ်ဓာတ်ကောင်းမွန် ရေးနှင့် စည်းကမ်းကောင်းရေးခေါင်းစဉ်ဖြင့်ဟောပြောသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းသို့ အားကစားပစ္စည်းများပေးအပ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပေးအပ်သော အဝတ်အထည်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို ပေးအပ်ကြသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး  ဦးတင်ကိုဝင်းက “အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ထက်သန်စေရေး” အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ခင်မေဌေးက “အားကစားနှင့် စိတ်ဓာတ်မြင့်မားရေး” ခေါင်းစဉ်များဖြင့်ဟောပြောခဲ့ကြပြီး ရခိုင်ပြည်နယ် မြန်မာ့သိုင်းလက်ရွေးစင် အဖွဲ့၊ လေးဝတီကရာတေးအဖွဲ့နှင့် ပြည်နယ် လက်ရွေးစင် အေရိုးဗစ်အဖွဲ့တို့က အားကစားနည်းများ အလိုက်သရုပ်ပြသခဲ့ကြကြောင်းသိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)