MNP ၊ မတ် ၁၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းပြီး နိုင်ငံရေး ပါတီလွမ်းမိုးသည့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မဖြစ်ရန်လိုအပ်သကဲ့သို့ အရောင်အသွေးကင်းသည့် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့အဖြစ် ရပ်တည်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ အနေဖြင့် စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးကြစေလိုကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်၏ အနာဂါတ်သည်လူငယ်များဖြစ်၍ လူငယ်များပညာတတ်ရန်လိုအပ်ပြီး ပညာရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိင်ငံဖြစ်သည့်အတွက် တောင်သူလယ်သမားများကို ကူညီပံ့ပိုးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်” အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်းသည် တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးတွင် အရေးကြီးသဖြင့်တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း။
တိုင်းရင်းသားအရေးကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရက ဖြေရှင်းပေးရသည့်ကိစ္စရပ်များရှိသကဲ့သို့ ပြည်ထောင်စုအဆင့်က ဖြေရှင်းပေးရသည့် ကိစ္စများလည်းရှိသဖြင့် တိုင်းရင်းသားအရေးကိစ္စများကို ဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားလူမျိုး ပေါင်းစုံစည်းလုံးညီညွတ်စွာအတူတကွ နေထိုင်လျှက်ရှိပြီး တိုင်းရင်းသားများ၏ ပညာရေး၊ လူမှုရေး၊ကျန်းမာရေးကဏ္ဍများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦဇော်အေးမောင် က တိုင်းရင်းသားရေးရာဟူသည့် စကားရပ်တွင် တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများရရှိရေးတို့အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစသည်တို့လည်း ပါဝင်ကြောင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သောပြည်ထောင်စု စိတ်ဓါတ်ကိုအခြေခံ၍ ထာဝစဉ်အတူတကွ လက်တွဲနေထိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ က တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးလျှက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားအရေးကိစ္စများနှင့် ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲများ ကိုရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားများ၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက်ဒုတိယဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တိုင်းရင်းသားသမိုင်းကြောင်းဆိုင်ရာ စာအုပ်များကိုပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment